ဗြိတိန်ဒရိုင်ဗာ လန်ဒိုနော်ရစ်က မက္ကလာရင်အသင်းဖော် ပီယက်စ်ထရီကြောင့် သူ့ရဲ့ စွမ်းဆောင်ရည် ပိုကောင်း လာခဲ့တယ်လို့ ဝန်ခံသွားခဲ့ပြီး ဒီလိုအသင်းဖော်မျိုးရှိနေလို့ ပျော်ရွှင်ရတယ်လို့ ပြောသွားခဲ့ပါတယ်။ အခုတစ်ပတ် ယှဉ်ပြိုင်မယ့် ကနေဒါဂရင်းပရီပြိုင်ပွဲမတိုင်ခင် ပြောကြားရာမှာ နော်ရစ်က အခုလို ပြောသွားခဲ့တာပါ။

ပီယက်စ် ထရီနဲ့ နော်ရစ်တို့ဟာ အခုနှစ်ဖော်မြူလာဝမ်းရာသီမှာ ၄ နှစ်ဆက်ချန်ပီယံ ဗာစတက်ပန်ကို အကောင်းဆုံး ဖိအား ပေးနိုင်ခဲ့ပြီး ချန်ပီယံဆုအတွက် ရပ်တည်မှု အဆင့် ၁ နဲ့ အဆင့် ၂ နေရာတွေမှာ ရပ်တည် ထားနိုင်ခဲ့တာ ဖြစ်ပါ တယ်။ အခုနှစ် ဖော်မြူလာဝမ်းရာသီရဲ့ ဂရင်းပရီပွဲစဉ် ၉ ခု ယှဉ်ပြိုင်အပြီးမှာ ပွဲစဉ် ၅ ခု အနိုင်ရထားတဲ့ ပီယက်စ် ထရီက ထိပ်ဆုံးကနေ ဦးဆောင်နေပြီး နော်ရစ်နဲ့ ဗာစတက်ပန်တို့က ၂ ပွဲစီ အနိုင်ရထားပေမယ့် နော်ရစ်က ၃၉ မှတ်အသာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာပါ။

ချန်ပီယံဆုအတွက် မက္ကလာရင် အသင်းဖော်အချင်းချင်း ပြိုင်ဆိုင်ရမှုက အသင်းကို ထိခိုက်စေမှာ မဟုတ်သလို ပီယက်စ်ထရီကလည်း အလွန်ကို ခင်မင်ဖို့ကောင်းတဲ့ အသင်းဖော်တစ်ယောက် ဖြစ်ပါတယ်လို့ နော်ရစ်က ပြောသွားခဲ့ပါတယ်။ အခုနှစ် ဖော်မြူလာဝမ်းရာသီ ၁၀ ခု မြောက် ဂရင်းပရီပွဲစဉ်ဖြစ်တဲ့ ကနေဒါဂရင်းပရီကိုတော့ ဇွန်လ ၁၅ ရက် မွန်ထရီရယ်မြို့က ကားပြိုင်ကွင်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။