အခုရာသီ ပထမဆုံး ဂရင်းပရီနိုင်ပွဲအဖြစ် ကနေဒါဂရင်းပရီပွဲစဉ်ကို အနိုင်ရခဲ့ပြီးနောက် လာမယ့်ပွဲစဉ်တွေမှာ အခုထက် ပိုကောင်းအောင် ကြိုးစားမယ်လို့ မာစီးဒီးစ်အသင်းဒရိုင်ဗာ ရပ်ဆဲလ်က ပြောသွားပါတယ်။

ကနေဒါ ဂရင်းပရီမှာ ထိပ်ဆုံးကနေ တာထွက်ခွင့်ရခဲ့တဲ့ ရပ်ဆဲလ်ဟာ ရက်ဘူးလ်အသင်း ဒရိုင်ဗာ ဗာစတက်ပန်နဲ့ အကြိတ် အနယ် ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး ကွင်းပတ်ရေ ၇၀ ပြည့်တဲ့အချိန်မှာတော့ ပထမနေရာကနေ ပန်းဝင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက လာ့စ်ဗီးဂက်စ် ဂရင်းပရီမှာ အနိုင်ရပြီးနောက်ပိုင်း ရပ်ဆဲလ်ရဲ့ ပထမဆုံး ဂရင်းပရီနိုင်ပွဲလည်း ဖြစ်ခဲ့ပါတယ်။ အသက် ၂၇ နှစ်အရွယ် ရပ်ဆဲလ်ဟာ ပြီးခဲ့တဲ့နှစ် ကနေဒါဂရင်းပရီ ပြိုင်ပွဲတုန်း ကလည်း ထိပ်ဆုံးနေရာကနေ တာထွက်ခွင့် ရခဲ့ပေမယ့် တတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာဖြစ်ပြီး အခုနှစ်မှာ တော့ အမှားအယွင်း မရှိအောင် ယှဉ်ပြိုင်သွားနိုင်ခဲ့တာပါ။

ပြီးခဲ့တဲ့နှစ်က အခြေအနေကို ပြန်တွေးပြီး စိုးရိမ်မှုတွေ ရှိခဲ့သေးတာ မှန်ပေမယ့် အနိုင်ရအောင် စွမ်းဆောင်နိုင်တယ်ဆိုတာကို ယုံကြည်ခဲ့ပြီး အနိုင်ရခဲ့တဲ့အတွက်လည်း ကျေနပ်မိပါတယ်လို့ ပွဲစဉ်အပြီးမှာ ရပ်ဆဲလ်က ပြောသွားခဲ့ပါတယ်။ ကနေဒါဂရင်းပရီမှာ မာစီးဒီးစ်အသင်းရဲ့ နောက်ထပ်ဒရိုင်ဗာတစ်ယောက်ဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် အန်တိုနယ်လီကလည်း တတိယနေရာမှာ ရပ်တည်နိုင်ခဲ့ပြီး သူ့ရဲ့ကစားသမားဘဝ ပထမဆုံး ထိပ်ဆုံး ၃ ယောက်အတွင်း ရပ်တည်နိုင်မှု ဖြစ်ခဲ့ပါတယ်။