တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားခဲ့တဲ့ ၂၀၂၅ ဂီရိုဒီအီတာလီယာ စက်ဘီးစီးပြိုင်ပွဲမှာ ဗြိတိန်နိုင်ငံသား ဆိုင်မွန် ယိတ်စ် အနိုင်ရပြီး ချန်ပီယံဆုကို ရယူသွားခဲ့ပါတယ်။ တနင်္ဂနွေနေ့က ပြိုင်ပွဲရဲ့နောက်ဆုံးအဆင့်ဖြစ်တဲ့ အဆင့် ၂၁ အဖြစ် ဗာတီကန်စီးတီးကနေ ရောမမြို့အထိ ၁၄၃ ကီလိုမီတာခရီးကို ပြိုင်ပွဲဝင်တွေ ယှဉ်ပြိုင်ခဲ့ကြတာပါ။

ပြိုင်ပွဲ မစတင်မီမှာ ပြိုင်ပွဲဝင် စက်ဘီးစီးသမားတွေဟာ ပုပ်ရဟန်းမင်းကြီး လီယိုရဲ့ ကောင်းချီးပေးမှုကို ခံယူခဲ့ကြပြီးမှ ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ကြတာ ဖြစ်ပါတယ်။ အဆင့် ၂၁ မှာ ဆိုင်မွန်ယိတ်စ်ရဲ့ ဗစ်စမာအသင်းဖော် နယ်သာလန် နိုင်ငံသား အိုလက်ဗ်ကော့ချ်က အနိုင်ရခဲ့ပြီး အိုလက်ဗ်ကော့ချ်အတွက် အခုနှစ် ဂီရိုဒီအီတာလီယာပြိုင်ပွဲ အဆင့် တစ်ခုကို ဒုတိယမြောက် အနိုင်ရခဲ့တာဖြစ်ပါတယ်။ အဆင့် ၂၁ ဆင့်အပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာတော့ အသက် ၃၂ နှစ်အရွယ် ဆိုင်မွန်ယိတ်စ်က ၈၂ နာရီ ၃၁ မိနစ် ၀၁ စက္ကန့်နဲ့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံဆု ကို ရရှိသွားခဲ့တာပါ။

ထူးခြားချက်အနေနဲ့ ဆိုင်မွန်ယိတ်စ်ဟာ အခုနှစ် ဂီရိုဒီအီတာလီယာ ပြိုင်ပွဲရဲ့ အဆင့် တွေမှာ အနိုင်ရခဲ့တာမရှိပေမယ့် အဆင့်စုစုပေါင်း ရပ်တည်မှုမှာတော့ ထိပ်ဆုံးမှာ ရပ်တည်နိုင်ခဲ့ပြီး ချန်ပီယံဆုကို ရရှိသွား ခဲ့တာပဲ ဖြစ်ပါတယ်။ ၂၀၁၈ စပိန်တိုး ခရီးရှည်စက်ဘီးစီးပြိုင်ပွဲမှာ ချန်ပီယံဆုရထားတဲ့ ဆိုင်မွန်ယိတ်စ်အတွက်က တော့ ကစားသမားဘဝ ဒုတိယမြောက် ဂရန်းတိုး (Grand Tour) ချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။