စပိန်နိုင်ငံမှာ ယှဉ်ပြိုင်နေတဲ့ ပွဲစဉ်ကို ယှဉ်ပြိုင်နေစဉ်အတွင်း မတော်တဆမှုကြောင့် အင်နီယို့စ်အသင်းသား အီဂန်ဘာနယ် ညှပ်ရိုးကျိုးသွားခဲ့တယ်လို့ သိရပါတယ်။ ပိုလန်နိုင်ငံသား ကွက်ကောစကီး အနိုင်ရခဲ့တဲ့ ကလက် စီကာ စက်ဘီးပြိုင်ပွဲမှာ မတော်ဆမှုနဲ့ ကြုံတွေ့ရပြီးနောက် အသက် ၂၈ နှစ်အရွယ် ဘာနယ် ညှပ်ရိုးကျိုးဒဏ်ရာ ရခဲ့တယ်လို့ အင်နီယို့စ်အသင်းကလည်း အတည်ပြုခဲ့ပါတယ်။

မတော်တဆမှုကြုံတွေ့ခဲ့ရတဲ့အတွက် ဝမ်းနည်းရ ပေမယ့် စိတ်ဓာတ်ခိုင်မာနေသေးသလို ဒဏ်ရာကနေ အမြန်ဆုံးပြန်ကောင်းလာဖို့ ကြိုးစားသွားမယ်လို့ ဆေးရုံက ဆင်းလာအပြီးမှာ ဘာနယ်က ပြောသွားခဲ့ပါတယ်။ မွေးရပ်မြေ ကိုလံဘီယာမှာ ကျင်းပခဲ့တဲ့ အမျိုးသား စက်ဘီးစီး ချန်ပီယံရှစ်ပြိုင်ပွဲရဲ့ တစ်ဦးချင်း စံချိန်ပြုပြိုင်ပွဲမှာ အနိုင်ရပြီးနောက် ၁၁ ရက် အကြာမှာ မတော်တဆမှုနဲ့ ဘာနယ် ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။

အင်နီယို့စ်အသင်းဘက်ကတော့ ဘာနယ် ပြန်ကစားနိုင်မယ့် အချိန်နဲ့ပတ်သက်လို့ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဘာနယ်ဟာ ၂၀၂၂ ဇန်နဝါရီမှာ ကစားသမားဘဝကနေ အနားယူရနိုင် တဲ့အထိ ပြင်းထန်တဲ့ မတော်တဆမှုနဲ့ ကြုံတွေ့ခဲ့ရဖူးပြီး ၁ နှစ်နီးပါး အနားယူပြီးနောက် ၂၀၂၂ နှစ်ကုန်ပိုင်းမှာ ပြိုင်ပွဲတွေ ပြန်လည်ပါဝင်ယှဉ်ပြိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။