မေလ ၁၃ ရက်နေ့က ကျင်းပခဲ့တဲ့ ဂီရိုဒီ အီတာလီယာ စက်ဘီးစီးပြိုင်ပွဲ အဆင့် ၄ မှာ နယ်သာလန်နိုင်ငံသား ကက်စပါ ဗန်ဒန်က အနိုင်ရသွားခဲ့ပါတယ်။ အသက် ၂၉ နှစ်အရွယ် ဗန်ဒန်အတွက်တော့ ကစားသမားဘဝ ဂီရိုဒီအီတာလီယာပြိုင်ပွဲရဲ့ အဆင့်တစ်ခုမှာ ပထမဆုံးအကြိမ်အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

မေလ ၁၂ ရက်က အနားယူပြီးနောက် ပြိုင်ပွဲဝင်တွေဟာ မေလ ၁၃ ရက်နေ့မှာ ၁၈၉ ကီလိုမီတာခရီးကို ယှဉ်ပြိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ အဆင့် ၃ ဆင့်ကို အယ်ဘေးနီးယားနိုင်ငံအတွင်းမှာ ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး အခု အဆင့် ကတော့ အီတလီနိုင်ငံအတွင်းမှာ ယှဉ်ပြိုင်ရတဲ့ ပထမဆုံးအဆင့်လည်း ဖြစ်ပါတယ်။ စပိန်နိုင်ငံသား မူနော့ဇ်က ၁၄၀ ကီလိုမီတာအထိ ပြိုင်ပွဲကို ဦးဆောင်ထားနိုင်ခဲ့ပေမယ့် အဲဒီနောက်မှာတော့ ပြိုင်ဘက်တွေရဲ့ ကျော်တက် တာကို ခံခဲ့ရပြီး ဒိန်းမတ်နိုင်ငံသား ပက်ဒါဆန်နဲ့ ဗန်ဒန်တို့က ဦးဆောင်သူနေရာကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။

ပန်းဝင်လာချိန်မှာတော့ ပြိုင်ပွဲဝင်တွေဟာ တစ်ယောက်နဲ့တစ်ယောက် သိပ်မကွာဘဲ ပန်းဝင်လာခဲ့ကြတာဖြစ်ပြီး ဗန်ဒန်က ၄ နာရီ ၂ မိနစ် ၂၁ စက္ကန်နဲ့ ပထမ ရခဲ့တာဖြစ်ပါတယ်။ အဆင့်ပေါင်း ၂၁ ဆင့်ယှဉ်ပြိုင်ရမယ့် ဂီရိုဒီ အီတာလီယာပြိုင်ပွဲရဲ့ အဆင့် ၄ အပြီး ချန်ပီယံဆုအတွက် ရပ်တည်မှုမှာတော့ ပက်ဒါဆန်က ၁၁ နာရီ ၄၄ မိနစ် ၃၁ စက္ကန့်နဲ့ ထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေပြီး စလိုဗေးနီးယားနိုင်ငံသား ရိုဂလစ်က ၇ စက္ကန့် အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပါတယ်။