မေလ ၁၁ ရက်နေ့က ကျင်းပခဲ့တဲ့ ဂီရိုဒီအီတာလီယာ စက်ဘီးစီးပြိုင်ပွဲ အဆင့် ၃ မှာ ဒိန်းမတ်နိုင်ငံသား ပက်ဒါဆန် အနိုင်ရခဲ့ပါတယ်။ ထရက်ခ်အသင်းသား ပက်ဒါဆန်အတွက်တော့ အခုနှစ် ဂီရိုဒီအီတာလီယာ ပြိုင်ပွဲမှာ အဆင့် တစ်ခုကို ၂ ကြိမ်မြောက် အနိုင်ရခဲ့တာလည်း ဖြစ်ပါတယ်။

အဆင့်-၁ မှာလည်း အနိုင်ရထားတဲ့ ပက်ဒါဆန်ဟာ အဆင့် -၃ အဖြစ် ယှဉ်ပြိုင်ခဲ့တဲ့ ၁၆၀ ကီလိုမီတာခရီးကိုလည်း အကောင်းဆုံး ယှဉ်ပြိုင်နိုင်ခဲ့တာပါ။ ပြိုင်လမ်းက တောင်တက် တောင်ဆင်းလမ်းတွေများသလို အပူချိန်မြင့်မားမှုကြောင့် ပြိုင်ပွဲဝင်တွေအတွက်တော့ ခက်ခဲတဲ့ အဆင့်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပြိုင်ပွဲက နောက်ဆုံးအချိန်အထိ အကြိတ်အနယ်ရှိခဲ့သလို ပက်ဒါဆန်ကတော့ ၃ နာရီ ၄၉ မိနစ် ၄၇ စက္ကန့်နဲ့ ထိပ်ဆုံးကနေ ပန်းဝင်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုပွဲမှာ အနိုင်ရခဲ့တဲ့အတွက် ပက်ဒါဆန် ဟာ အဆင့် ၃ ဆင့်အပြီး ချန်ပီယံဆုရပ်တည်မှုမှာလည်း ၇ နာရီ ၄ မိနစ် ၁၀ စက္ကန့်နဲ့ ထိပ်ဆုံးနေရာကို ရောက်လာ ခဲ့ပါတယ်။ စလိုဗေးနီးယားနိုင်ငံသား ရိုဂလစ်က ၉ စက္ကန့်အကွာနဲ့ ဒုတိယနေရာမှာ ရပ်တည်နေသလို ချက်ဇ် နိုင်ငံသား ဗာဆက်ခ်က ၁၄ စက္ကန့်အကွာနဲ့ တတိယနေရာမှာ ရပ်တည်နေပါတယ်။ မေလ ၁၂ ရက်နေ့မှာ ပြိုင်ပွဲ ဝင်တွေ တစ်ရက်အနားရမှာဖြစ်ပြီး မေလ ၁၃ ရက်နေ့မှာတော့ အဆင့် ၄ အဖြစ် ၁၈၉ ကီလိုမီတာခရီးကို ပြိုင်ပွဲဝင်တွေ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။