ရာသီလက်ကျန်ကာလအတွင်းမှာ ခြေကျင်းဝတ်ဒဏ်ရာ သက်သာလာဖို့ မျှော်လင့်ထားတယ်လို့ LA လိတ်ကာ အသင်းသား လီဘရွန်ဂျိမ်းစ်က ပြောကြားခဲ့ပါတယ်။

အသက် ၄၀ အရွယ် လီဘရွန်ဂျိမ်းစ်ဟာ ကစားသမားဘဝ ၂၂ ခုမြောက် NBA ရာသီကို ပါဝင်ယှဉ်ပြိုင်နေတာဖြစ်ပြီး ရာသီလက်ကျန်ပွဲတွေကို ဒဏ်ရာပြဿနာကင်းကင်းနဲ့ ကစားနိုင်ဖို့ကို မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။ကြာသပတေးညက ကစားခဲ့တဲ့ ပို့တ်လန်းအသင်းနဲ့ပွဲမှာ ဂျိမ်းစ်ဟာ ၃၆ မိနစ်ပါဝင်ကစားပေးနိုင်ခဲ့ပြီး ခြေကျင်းဝတ်ဒဏ်ရာက နာကျင်လာခဲ့တာပါ။ ခြေကျင်းဝတ် ဒဏ်ရာကို လက်ကျန်ရာသီဝက်အတွင်းမှာ သက်သာအောင် ကြိုးစားကြည့်ရမှာ ဖြစ်ပါတယ်လို့ ပွဲအပြီးမှာ လီဘရွန်ဂျိမ်းစ်က ပြောသွားခဲ့ပါတယ်။

လိတ်ကာအသင်းနည်းပြကလည်း ဂျိမ်းစ်ရဲ့ ဒဏ်ရာသက်သာစေဖို့ အသင်းအနေနဲ့ ကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းသွားမယ်လို့ ပြောထားပါတယ်။ ဂျိမ်းစ်ဟာ အခုရာသီ လိတ်ကာ အသင်းရဲ့ ၅၄ ပွဲမှာ ပွဲ ၅၀ ပါဝင်ကစားပေးထားတာဖြစ်ပါတယ်။ ရာသီလက်ကျန်ပွဲတွေမှာတော့ ဂျိမ်းစ်ကို သတိထားပြီး အသုံးပြုသွားရတော့မှာဖြစ်တယ်လို့လည်း လိတ်ကာအသင်းနည်းပြက ပြောသွားပါတယ်။