ဆော်ဒီနိုင်ငံကကျင်းပတဲ့ ရီယက်ဒ်ဖိတ်ခေါ်ဖလားပွဲစဉ်မှာ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းက ဆော်ဒီကလပ် အယ်ဟီလယ်အသင်းကို ရှုံးနိမ့်ခဲ့ပါတယ်။
မက်ဆီ၊ ဆွာရက်ဇ်တို့ပါဝင်ခဲ့တဲ့ အင်တာမိုင်ယာမီ အသင်းဟာ အယ်ဟီလယ်အသင်းနဲ့ အကြိတ်အနယ်ကစားခဲ့ကြပြီး ဘရာဇီးတောင်ပံကစားသမား မယ်ကွန်ရဲ့ နောက်ကျဦးဆောင်ဂိုးကြောင့် အယ်ဟီလယ်အသင်းက (၄)ဂိုး၊ (၃)ဂိုးနဲ့အနိုင်ရခဲ့တာပါ။
အယ်ဟီလယ်အသင်း အတွက် ဦးဆောင်ဂိုးကို ပွဲချိန်(၁၀)မိနစ်မှာ မီလင်ကိုဗစ်ဆာဗစ်ရဲ့ပေးပို့မှုကနေ တိုက်စစ်မှူးမီထရိုဗစ်က သွင်းယူခဲ့ပါတယ်။
အယ်ဟီလယ်အသင်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ပွဲချိန်(၁၃)မိနစ်မှာ ဟမ်ဒန်က ဂိုးဧရိယာပြင်ပကနေ လှလှပပကန်သွင်းယူခဲ့ပါတယ်။
ပွဲချိန်(၃၄)မိနစ်မှာ ဆွာရက်ဇ်က သူ့ရဲ့အင်တာမိုင်ယာမီ ကစားသမားဘဝ ပထမဆုံးဂိုးကိုသွင်းကာ အင်တာမိုင်ယာမီအသင်းကို ချေပဂိုးရရှိစေခဲ့ပါတယ်။
ပွဲကစားချိန် (၄၄)မိနစ်မှာ ဟမ်ဒန်ရဲ့ပေးပို့မှုကတဆင့် အယ်ဟီလယ်အသင်းတိုက်စစ်ကစားသမား မစ်ချယ်က ခေါင်းတိုက် သွင်းယူခဲ့တာကြောင့် ပထမပိုင်းအပြီးမှာ (၃)ဂိုး၊ (၁)ဂိုးနဲ့ အယ်ဟီလယ်အသင်းက အနိုင်နဲ့ဦးဆောင် နေပါတယ်။
အင်တာမိုင်ယာမီအသင်းအတွက် ဒုတိယချေပဂိုးကို ပွဲချိန်(၅၄)မိနစ်မှာ မက်ဆီက ပင်နယ်တီက တစ်ဆင့် သွင်းယူပေးခဲ့ပါတယ်။
ဒုတိယချေပဂိုးရပြီး (၁)မိနစ်အကြာမှာပဲ အင်တာမိုင်ယာမီအသင်းရဲ့ တတိယချေပဂိုးကို ဒေးဗစ်ရုဇ်က ဂိုးဧရိယာ ထိပ်နားကနေ အပြင်းကန်ချက်နဲ့ လှလှပပသွင်းယူပေးခဲ့ပါတယ်။
အယ်ဟီလယ်အသင်းကို အနိုင်ရရှိစေမယ့် နောက်ကျဦးဆောင်ဂိုးကို မယ်ကွန်က ပွဲချိန်(၈၈)မိနစ်မှာ ခေါင်းတိုက်သွင်းယူခဲ့ပါတယ်။ အခုပွဲစဉ်မှာရှုံးနိမ့်ခဲ့တဲ့ မက်ဆီရဲ့ အင်တာမိုင်ယာမီအသင်းဟာ ရော်နယ်ဒိုရဲ့ အယ်နာဆာအသင်းနဲ့ ဖေဖော်ဝါရီ(၂)ရက်နေ့မှာ ကစားရဖို့ ရှိပါတယ်။