ဘာစီလိုနာအသင်းကနေ ရာသီကုန်မှာထွက်ခွာမယ်လို့ တရားဝင်ကြေညာခဲ့တဲ့ နည်းပြဇာဗီရဲ့ဆုံးဖြတ်ချက်ကို လက်ခံပေးသွားမယ်လို့ ဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌ လာပေါ်တာက ပြောပါတယ်။
ဘာစီလိုနာနည်းပြ ဇာဗီဟာ ဗီလာရီးရဲလ်အသင်းကို (၅)ဂိုး၊ (၃)ဂိုးနဲ့ရှုံးနိမ့်ခဲ့တဲ့ လာလီဂါပွဲစဉ်အပြီးမှာ ဘာစီလိုနာနည်းပြရာထူးကနေ ရာသီကုန်မှာထွက်ခွာတော့မယ်လို့ တရားဝင်ကြေညာခဲ့တာပါ။
ဘာစီလိုနာအသင်းရဲ့ဥက္ကဋ္ဌ လာပေါ်တာက ဇာဗီဟာ အသင်းရဲ့ဂန္တဝင်ကစားသမား တစ်ယောက်ဖြစ်သလို အသင်းကိုချစ်ပြီး ရိုးသားတဲ့လူတစ်ယောက် ဖြစ်တာကြောင့် သူ့ရဲ့ဆုံးဖြတ်ချက်အပေါ် လက်ခံပေးသွားမယ်လို့ ပြောပါတယ်။
နည်းပြဇာဗီဟာ ဘာစီလိုနာ အသင်းကို ပြီးခဲ့တဲ့ရာသီက လာလီဂါဖလားရရှိအောင် စွမ်းဆောင် ပေးနိုင်ခဲ့ပေမယ့် အခုဘောလုံးရာသီမှာတော့ ရလဒ်ကောင်းရဖို့ ရုန်းကန်နေရပါတယ်။
ဘာစီလိုနာအသင်းဟာ အခုရာသီ လာလီဂါပြိုင်ပွဲမှာ ရမှတ်(၄၄)မှတ်နဲ့ အတူ အဆင့်(၃)နေရာမှာရပ်တည်နေ ပေမယ့် အမှတ်ပေးဇယားထိပ်က ရီးရဲလ်မက်ဒရစ်နဲ့ (၁၀)မှတ်အထိ ကွာဟနေပါတယ်။
ဘာစီလိုနာအသင်းဟာ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ စပိန်စူပါဖလားဗိုလ်လုပွဲစဉ်မှာ ရှုံးနိမ့်ခဲ့သလို ကိုပါဒယ်ရေး ကွာတာဖိုင်နယ်အဆင့်မှာ လည်း ဘီဘာအိုအသင်းကိုရှုံးနိမ့်ကာ ပြိုင်ပွဲကထွက်ခွာခဲ့ရပါတယ်။