၂၀၂၄ ခုနှစ်အတွက် ပေးအပ်ချီးမြှင့်တဲ့ Golden Boy ဆုကို ဘာစီလိုနာအသင်းရဲ့ လူငယ်တောင်ပံကစားသမား ယာမယ်က ရယူနိုင်ခဲ့ပါတယ်။ ဒီဆုကို အီတလီအခြေစိုက် သတင်းစာတစ်ခုဖြစ်တဲ့ Tuttosport (တူတိုစပေါ့)က ဥရောပဘောလုံးလောကရဲ့ တစ်နှစ်တာအတွင်း အသက် (၂၁)နှစ်အောက် အကောင်းဆုံးကစားသမားတွေကို နှစ်စဉ်နှစ်တိုင်း ပေးအပ်ချီးမြှင့်နေခဲ့တာပါ။
အခုနှစ်မှာတော့ ဘာစီလိုနာအသင်းနဲ့ စပိန်အသင်းတို့မှာ ခြေစွမ်းပြ ကစားနေခဲ့တဲ့ ယာမယ်က သတင်းထောက် တွေရဲ့ မဲပေးမှုနဲ့အတူ Golden Boy ဆုကို သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ ယာမယ်ဟာ အခုမှ အသက် (၁၇)နှစ်အရွယ်သာ ရှိသေးပေမယ့် ဘာစီလိုနာအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်သလို ပြီးခဲ့တဲ့ ယူရို(၂၀၂၄)ပြိုင်ပွဲမှာလည်း စပိန်အသင်းနဲ့အတူ ဗိုလ်စွဲနိုင်ခဲ့ပါတယ်။
ယာမယ်ဟာ ပြီးခဲ့တဲ့ရွှေဘောလုံးဆုပေးပွဲမှာလည်း တစ်နှစ်တာအကောင်းဆုံး လူငယ်ကစားသမားတွေကို ပေးအပ်ချီးမြှင့်တဲ့ Kopa Trophy ဆုကို ရယူနိုင်ခဲ့ပါသေးတယ်။ ယာမယ်အနေနဲ့ အခုလိုမျိုး Golden Boy ဆုကို ရယူနိုင်ခဲ့တဲ့အပေါ် One News ရဲ့ အားကစားအယ်ဒီတာ ကိုဇင်ကိုကိုအောင်ကို အခုလို မေးမြန်းထားပါတယ်။ ယာမယ်ဟာ အခုနှစ်ဘောလုံးရာသီမှာလည်း ဘာစီလိုနာအသင်းအတွက် ခြေစွမ်းပြကစားနေခဲ့သလို ပြိုင်ပွဲစုံ (၁၆)ပွဲမှာ (၆)ဂိုးသွင်းယူကာ (၈)ဂိုး ဖန်တီးပေးထားပါတယ်။