ဇွန်လ(၂၄)ရက်က ကစားခဲ့တဲ့ အီတလီအသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ယူရို(၂၀၂၄) အုပ်စုနောက်ဆုံးပွဲစဉ်မှာ အီတလီအသင်းက ဇက်ဂါနီရဲ့နောက်ကျသွင်းဂိုးနဲ့ သရေကျခဲ့တာကြောင့် နောက်တစ်ဆင့်တက်ခဲ့ပါတယ်။
အီတလီအသင်းဟာ အုပ်စုပွဲစဉ်(၂)ပွဲ ကစားပြီးချိန်မှာ ရမှတ်(၃)မှတ်သာ ရထားတာကြောင့် နောက်တစ်ဆင့်တက် ဖို့ အတွက်ဆိုရင် ခရိုအေးရှားအသင်းနဲ့ပွဲစဉ်မှာ အနိမ့်ဆုံးသရေ(၁)မှတ်ရဖို့ လိုအပ်နေတာပါ။
ခရိုအေးရှားအသင်းကလည်း နောက်တစ်ဆင့်တက်ဖို့အတွက် အီတလီအသင်းကို မဖြစ်မနေ အနိုင်ရဖို့ လိုအပ်တာကြောင့် ဒီပွဲစဉ်က နှစ်သင်းစလုံးအတွက် အရေးပါခဲ့ပါတယ်။ ခရိုအေးရှားအသင်းအတွက် ဦးဆောင်ဂိုးကို မိုဒရစ်က ပွဲကစားချိန် (၅၅)မိနစ်မှာ သွင်းယူပေးခဲ့သလို မိနစ်(၉၀)အထိ (၁)ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရနေပြီး နောက်တစ်ဆင့်တက်ဖို့ နီးစပ်ခဲ့ပါတယ်။
ဒါပေမယ့် အီတလီအသင်းအတွက် ချေပဂိုးကို ပွဲကစားချိန် မိနစ်(၉၀) ပြည့်လို့ နာကျင်အချိန်ပို (၈)မိနစ်မှာ ဇက်ဂါနီက သွင်းယူနိုင်ခဲ့တဲ့အတွက် သရေကျခဲ့ပြီး လက်ရှိချန်ပီယံ အီတလီအသင်းက (၁၆)သင်း ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။ အီတလီအသင်းဟာ ရှုံးထွက်ပွဲစဉ်အဖြစ် ဆွစ်ဇာလန် အသင်းနဲ့ ဇွန်လ(၂၉)ရက်နေ့မှာ ကစားသွားရမှာပဲ ဖြစ်ပါတယ်။