စလိုဗေးနီးယားအသင်းတိုက်စစ်မှူး ဆက်စ်ကိုရဲ့ ခြေသလုံးဒဏ်ရာက တိုးတက်ကောင်းမွန်လာတဲ့အတွက် လာမယ့် အင်္ဂါညမှာကစားရမယ့် အင်္ဂလန်အသင်းနဲ့ ပွဲမှာ ပါဝင်နိုင်ဖွယ်ရှိတယ်လို့ သိရပါတယ်။
အသက် ၂၁ နှစ် အရွယ် ဆက်စ်ကိုဟာ ဆားဘီးယားအသင်းနဲ့ တစ်ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ ခြေသလုံးဒဏ်ရာရခဲ့တာဖြစ်ပြီး ဒုတိယပိုင်းမှာ လူစားလဲ ခံခဲ့ရတာဖြစ်ပါတယ်။ အရန်ခုံတန်းမှာ ခြေသလုံးဒဏ်ရာကြောင့် စိတ်ပျက်နေတဲ့ ဆက်စ်ကိုရဲ့ပုံစံကြောင့် စလိုဗေးနီးယားပရိသတ်တွေ စိုးရိမ်နေခဲ့ကြတာပါ။
ဒါပေမဲ့ ဇွန်လ ၂၃ ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ အသင်းရဲ့လေ့ကျင့်ရေးမှာ အသင်းဖော်တွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်နေတဲ့ ဆက်စ်ကိုရဲ့ ပုံတွေကြောင့် စလိုဗေးနီးယားပရိသတ်တွေ စိတ်သက်သာရာရခဲ့ကြပါတယ်။
စလိုဗေးနီးယားအသင်းဟာ အုပ်စုပွဲစဉ် ၂ ပွဲ ကစားပြီးချိန်မှာ ရမှတ် ၂ မှတ်သာရထားပြီး အုပ်စုနောက်ဆုံးပွဲအဖြစ် နာမည်ကြီးအင်္ဂလန်အသင်း နဲ့ ကစားရမှာဖြစ်လို့ ရလဒ်ကောင်းရဖို့ အစွမ်းကုန် ရုန်းကန်ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အသင်းတိုက်စစ်မှာ ဆက်စ်ကို ပါဝင်လာဖို့ကို စလိုဗေးနီးယားအသင်းပရိသတ်တွေက မျှော်လင့်နေကြတာလည်း ဖြစ်ပါတယ်။