ကမ္ဘာ့အဆင့်-၁ အီတလီတင်းနစ်သမား ဆင်နာဟာ ကစားသမားဘဝ ပထမဆုံး မြက်ခင်းကွင်း ချန်ပီယံဆုအဖြစ် ဟေလီအိုးပင်းပြိုင်ပွဲမှာ ချန်ပီယံဆု ရခဲ့ပါတယ်။
ဇွန်လ ၂၃ ရက်နေ့က ယှဉ်ပြိုင်ခဲ့တဲ့ ဗိုလ်လုပွဲမှာ ဆင်နာနဲ့ ပိုလန် တင်းနစ်သမား ဟာကက်ဇ်တို့ ဆုံတွေ့ခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ ဗီရက်ဗ်ကို အနိုင်ယူလာခဲ့တဲ့ ဟာကက်ဇ်ရဲ့ လက်စွမ်းကြောင့် ဆင်နာ အနိုင်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။
ပွဲကစားချိန် ၁ နာရီနဲ့ ၄၉ မိနစ်ကြာ အကြိတ်အနယ် ယှဉ်ပြိုင်အပြီးမှာတော့ ဆင်နာက (၇း၆၊ ၇း၆)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ချန်ပီယံဆုကို ရရှိသွားခဲ့တာဖြစ်ပါတယ်။
အခုချန်ပီယံဆုဟာ အသက် ၂၂ နှစ်အရွယ် ဆင်နာအတွက်တော့ ကစားသမားဘဝ ၁၄ ခုမြောက် တစ်ဦးချင်း ချန်ပီယံဆုလည်း ဖြစ်ခဲ့ပါတယ်။
ဆင်နာဟာ အခုနှစ် အစောပိုင်းမှာ ဩစတြေးလျအိုးပင်းချန်ပီယံဆုကို ရရှိထား ခဲ့တာဖြစ်ပြီး လာမယ့် ဝင်ဘယ်ဒန်ပြိုင်ပွဲမှာလည်း ချန်ပီယံဆုကို ရယူနိုင်ဖို့အတွက် အကောင်းဆုံး လက်စွမ်းမှာ ရှိနေတယ်ဆိုတာကို အခုပွဲစဉ်မှာ သက်သေပြခဲ့တာလည်း ဖြစ်ပါတယ်။ ဝင်ဘယ်ဒန်ပြိုင်ပွဲကိုတော့ ဇူလိုင်လ ၁ ရက်နေ့မှာ စတင်ကျင်းပမှာဖြစ်ပါတယ်။