အင်္ဂလန်လူငယ်ကွင်းလယ်လူ မိုင်နူးက မန်ယူအသင်းမှာ ကစားနေချိန်အတွင်း အသင်းရဲ့ဝါရင့်ကစားသမား အဲရစ်ဆင်ဆီကနေ အတွေ့အကြုံတွေကို လေ့လာသင်ယူခဲ့ရတယ်လို့ ပြောပါတယ်။ အင်္ဂလန်နဲ့ ဒိန်းမတ်အသင်း တို့ဟာ ယူရို(၂၀၂၄)ပြိုင်ပွဲရဲ့ အုပ်စုအဆင့် ဒုတိယမြောက်ပွဲစဉ်အဖြစ် တွေ့ဆုံကစားကြရမှာကြောင့် ပွဲမတိုင်ခင်မှာ မိုင်နူးက သူ့ရဲ့စီနီယာကလပ်အသင်းဖော်နဲ့ပတ်သက်ပြီး အခုလို ပြောသွားခဲ့တာပါ။
အဲရစ်ဆင်က ပြီးခဲ့တဲ့ ဘောလုံး ရာသီအတွင်းမှာ သူ့ကို တိုးတက်လာဖို့အတွက် ကူညီပေးခဲ့သလို အခုအချိန်မှာ ပြိုင်ဘက်အဖြစ် ပြန်ရင်ဆိုင်ရမှာ က စိတ်လှုပ်ရှားဖို့ ကောင်းတယ်လို့ မိုင်နူးက ပြောပါတယ်။
ယူရိုပြိုင်ပွဲကစားမယ့် အင်္ဂလန်ရဲ့ လူစာရင်းမှာ ရွေးချယ်ခံခဲ့ရတာကို ဂုဏ်ယူမိသလို အသင်းနဲ့လည်း အောင်မြင်မှုတွေ ရရှိချင်တယ်လို့ မိုင်နူးက ဆက်လက်ပြော ကြားသွားခဲ့ပါသေးတယ်။
မိုင်နူးရဲ့အင်္ဂလန်အသင်းဟာ ယူရိုအုပ်စုအဖွင့်ပွဲစဉ်ဖြစ်တဲ့ ဆားဘီးယားအသင်းနဲ့ပွဲစဉ် မှာ အနိုင်ရရှိထားတာကြောင့် ဒိန်းမတ်အသင်းကို အနိုင်ရခဲ့မယ်ဆိုရင် နောက်တစ်ဆင့်တက်ဖို့ သေချာသလောက် ရှိသွားမှာ ဖြစ်ပါတယ်။