ယူရိုအုပ်စုအဖွင့်ပွဲဖြစ်တဲ့ ဩစတြီးယားကို အနိုင်ရတဲ့ပွဲမှာ နှာခေါင်းရိုးကျိုးဒဏ်ရာရခဲ့တဲ့ ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ပြင်သစ်အသင်းရဲ့လာမယ့် ပွဲစဉ်တစ်ပွဲကို လွဲချော်ဖွယ်ရှိနေတယ်လို့ သိရပါတယ်။
ဩစတြီးယားနဲ့ ပွဲချိန်အတွင်း ပြိုင်ဘက်အသင်းနောက်ခံလူ ဒန်ဆိုနဲ့ ထိခိုက်မိခဲ့တဲ့ အမ်ဘာပေဟာ ပွဲအပြီးမှာ ဆေးရုံကိုသွားကာ စစ်ဆေးကုသမှုတွေ ပြုလုပ်ခဲ့ရတာ ဖြစ်ပါတယ်။
ဆေးစစ်မှုတွေအပြီးမှာ အမ်ဘာပေအနေနဲ့ ခွဲစိတ်ကုသမှုခံယူရဖို့ မလိုအပ်ပေမယ့် နှာခေါင်းဒဏ်ရာကို ထပ်ပြီးမထိခိုက်ဖို့အတွက် အကာအကွယ်ဝတ်ဆင်ပြီး ကစားဖို့လိုအပ်တယ် လို့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ဘက်က သတင်းထုတ်ပြန်ခဲ့တာပါ။
ဒါပေမဲ့ အခုနောက်ဆုံးသိရတဲ့ သတင်းတွေအရ တော့ ပြင်သစ်ဆေးအဖွဲ့အနေနဲ့ အမ်ဘာပေရဲ့ ဒဏ်ရာအခြေအနေကို စောင့်ကြည့်နေပြီး အပြည့်အဝ မသက်သာ ဘူးဆိုရင်တော့ ဇွန်လ ၂၁ ရက် ညမှာ ကစားမယ့် နယ်သာလန်နဲ့ပွဲမှာ ပါဝင်ကစားခွင့်ပေးမှာ မဟုတ်ဘူးလို့ သိရပါတယ်။
အမ်ဘာပေကတော့ ပြင်သစ်အသင်းအတွက် ပါဝင်ကစားပေးချင်ပေမယ့် ဒဏ်ရာ ပြဿနာက ပိုမိုဆိုးရွားလာမှာကို ပြင်သစ်အသင်းတာဝန်ရှိသူတွေက စိုးရိမ်နေကြပါတယ်။