ဗြိတိန်တင်းနစ်သမား အင်ဒီမာရေးဟာ သူ့ရဲ့ကစားသမားဘဝ အေတီပီတိုးနိုင်ပွဲ ၁၀၀၀ ပြည့်အဖြစ် ဇွန်လ ၁၈ ရက်နေ့က ကွင်းစ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲပထမအဆင့်မှာ နိုင်ပွဲရခဲ့ပါတယ်။ အသက် ၃၇ နှစ်အရွယ် အင်ဒီမာရေးဟာ အခုနောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာတွေကြောင့် နိုင်ပွဲတွေရဖို့ ရုန်းကန်နေခဲ့ရတာဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာကျင်းပတဲ့ ကွင်းစ်ကလပ်ချန်ပီယံရှစ်ပြိုင်ပွဲမှာ အင်ဒီမာရေးဟာ အိမ်ရှင်ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူ ပွဲကို အကောင်းဆုံး စတင်နိုင်ခဲ့တာဖြစ်ပါတယ်။
ပထမအဆင့်အဖြစ် မာရေးဟာ ဩစတြေးလျ တင်းနစ်သမား ပိုပီရင်နဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး အင်ဒီမာရေးက ပြိုင်ဘက်ကို ဖိအားပေးပြီး ကစားသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခုပွဲကို အင်ဒီမာရေးရဲ့ မိခင်ဖြစ်သူ ဂျူဒီလည်း လာရောက်အားပေးခဲ့တာတွေ့ရပြီး ပွဲအပြီးမှာ မာရေးက(၆း၃၊၃း၆၊၆း၃)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဒုတိယအဆင့်ကို တက်ရောက်သွားနိုင်ခဲ့ပါတယ်။
အခုနိုင်ပွဲကြောင့် အင်ဒီမာရေးဟာ ဂျိုကိုဗစ်၊ နာဒယ်၊ ဖာရာ၊ ဗာဒက်စ်ကို၊ ဂတ်စ်ကွက်စ်တို့ပြီးနောက် အေတီပီတိုးနိုင်ပွဲ အများဆုံး ကစားသမားလည်း ဖြစ်လာခဲ့ပါတယ်။