ယူရိုအုပ်စုအဖွင့်ပွဲမှာ ဆားဘီးယားအသင်းကို အနိုင်ရပြီးနောက် အုပ်စုဒုတိယပွဲဖြစ်တဲ့ ဒိန်းမတ်နဲ့ပွဲအတွက် နည်းစနစ်ပိုင်းကို ပြင်ဆင်ထားပြီးဖြစ်တယ်လို့ အင်္ဂလန်နည်းပြဆောက်ဂိတ်က ပြောသွားခဲ့ပါတယ်။
ယူရိုပြိုင်ပွဲမှာ ချန်ပီယံဖြစ်ဖို့ ထိပ်ဆုံးကရေပန်းစားနေတဲ့ အင်္ဂလန်အသင်းဟာ ဆားဘီးယားအသင်းနဲ့ကစားခဲ့တဲ့ပွဲမှာ ပုံစံကောင်း မပြနိုင်ခဲ့ပေမယ့် အနိုင် ၃ မှတ်ကိုတော့ ရယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒိန်းမတ်အသင်းမှာ ကစားသမားကောင်းတွေ ရှိသလို ကစားပုံကလည်း ဆားဘီးယားထက် ပိုကျစ်လစ်တာကြောင့် နည်းစနစ်ပိုင်းကို အထူးပြင်ဆင်ထားတယ်လို့ ဆောက်ဂိတ်က ပြောသွားခဲ့တာပါ။
ဆားဘီးယားနဲ့ပွဲမှာ အသင်းကစားပုံက မျှော်လင့်ထားသလောက် မကောင်းခဲ့ ပေမယ့် အနိုင် ၃ မှတ်ရခဲ့သလို ကစားသမားတွေလည်း ဒဏ်ရာပြဿနာကင်းကင်းနဲ့ ပွဲပြီးအောင် ကစားနိုင်ခဲ့တဲ့ အတွက် ကျေနပ်မိတယ်လို့လည်း ဆောက်ဂိတ်က ပြောသွားခဲ့ပါတယ်။
ဒိန်းမတ်အသင်းက အုပ်စုအဖွင့်ပွဲဖြစ်တဲ့ စလိုဗေးနီးယားအသင်းနဲ့ပွဲမှာ သရေတစ်မှတ်သာရခဲ့တာကြောင့် အင်္ဂလန်အသင်းနဲ့ကစားရမယ့် အုပ်စုဒုတိယပွဲမှာ ရလဒ်ကောင်းရအောင် ပြင်ဆင်လာဖွယ် ရှိနေတာဖြစ်ပါတယ်။