ဇွန်လ ၂၉ ရက်နေ့မှာ ထိုးသတ်မယ့် ချန်ဒလာနဲ့ ပွဲကို ဒဏ်ရာပြဿနာကြောင့် ရွှေ့ဆိုင်းဖို့ ဆုံးဖြတ်လိုက်ရတယ်လို့ အိုင်ယာလန် UFC ကစားသမား မက်ဂရီဂေါ်က ဇွန်လ ၁၆ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
ဇွန်လ ၂၉ ရက်နေ့ လာ့စ်ဗီးဂတ်စ်မှာ ထိုးသတ်မယ့် ချန်ဒလာနဲ့ မက်ဂရီဂေါ်တို့ပွဲကို ရွှေ့ဆိုင်းလိုက်တယ်လို့ UFC က ကြေညာခဲ့အပြီး မှာပဲ မက်ဂရီဂေါ်က ရွှေ့ဆိုင်းရတဲ့ အကြောင်းရင်းကို အတည်ပြုခဲ့တာပါ။
UFC ဖယ်သာဝိတ်တန်းနဲ့ လိုက်ဖ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံဟောင်း မက်ဂရီဂေါ်ဟာ ၂၀၂၁ ဇူလိုင်လက အမေရိကန်နိုင်ငံသား ပွိုင်ရီယာကို ရှုံးနိမ့်ခဲ့ပြီး နောက်ပိုင်း ပြိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။
၃ နှစ်နီးပါး ဝေးကွာနေခဲ့ပြီးနောက် ပွဲကို ပြန်ထိုးဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားခဲ့ပေမယ့် ဒဏ်ရာပြဿနာကြောင့် ရွှေ့ဆိုင်းလိုက်ရတဲ့အတွက် စိတ်မကောင်း ဖြစ်မိပါ တယ်လို့ မက်ဂရီဂေါ်က သူ့ရဲ့ကြေညာချက်မှာ ရေးထားပါတယ်။ အခုလိုမျိုး ရွှေ့ဆိုင်းလိုက်ရပေမယ့် ပွဲတွေ ပြန်ထိုးဖို့အတွက် ဆန္ဒရှိနေဆဲဖြစ်သလို ဒဏ်ရာကနေ အမြန်ဆုံးသက်သာအောင် ကြိုးစားသွားမယ်လို့လည်း မက်ဂရီဂေါ်က ပြောထားပါတယ်။
အသက် ၃၅ နှစ်အရွယ် မက်ဂရီဂေါ်ဟာ နောက်ဆုံးထိုးသတ်ခဲ့တဲ့ ၄ ပွဲမှာ ၃ ပွဲ အထိရှုံး နိမ့်ထားပြီး ချန်ဒလာနဲ့ပွဲမှာ ရလဒ်ကောင်း ပြန်လည်ရယူနိုင်ဖို့ မျှော်လင့်ထားခဲ့တာဖြစ်ပါတယ်။