ဇွန်လ(၁၆)ရက်နေ့က ကစားခဲ့တဲ့ ဆားဘီးယားအသင်းနဲ့ ယူရို(၂၀၂၄)အုပ်စုအဆင့်ပွဲစဉ်မှာ အင်္ဂလန်အသင်းက ဘယ်လင်ဟမ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့အနိုင်ရခဲ့ပါတယ်။
အခုပွဲစဉ်မှာ အင်္ဂလန်အသင်းရဲ့ ကစားပုံက ပရိသတ်တွေအတွက် ကျေနပ်စရာမဖြစ်ခဲ့ပေမယ့်လည်း အနိုင်ရရှိအောင် ကစားနိုင်ခဲ့တာပါ။
အင်္ဂလန်အသင်း အတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို ပွဲချိန်(၁၃)မိနစ်မှာ ဘယ်လင်ဟမ်က ဆာကာရဲ့ပေးပို့မှုကတစ်ဆင့် ခေါင်းတိုက် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ အခုပွဲစဉ်မှာအခွင့်အရေးတချို့ကို လွဲချော်ခဲ့သလို ဖန်တီးမှုပိုင်းအားနည်းခဲ့တာကြောင့် တချို့ပရိသတ်တွေက ဝေဖန်နေကြပါတယ်။
ဆားဘီးယားအသင်းကို (၁)ဂိုး၊ ဂိုးမရှိနဲ့အနိုင်ရခဲ့သလို အုပ်စုတွင်းပြိုင်ဘက်တွေဖြစ်ကြတဲ့ ဒိန်းမတ်နဲ့ စလိုဗေးနီးယားအသင်းတို့က သရေကျ ခဲ့တာကြောင့် အင်္ဂလန်အသင်းဟာ အုပ်စုအဆင့်ကတက်ဖို့ အခွင့်အရေးကောင်းတွေကို ရရှိလာခဲ့ပြီဖြစ်ပါတယ်။
အင်္ဂလန်အသင်းဟာ အခုကစားနေတဲ့ ယူရို(၂၀၂၄)ပြိုင်ပွဲ မှာ ဆားဘီးယား၊ ဒိန်းမတ်၊ စလိုဗေးနီးယား အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေခဲ့တာကြောင့် အုပ်စုအဆင့်ကတက်ဖို့ ရေပန်းစားနေပါတယ်။