အင်္ဂလန်ရပ်ဘီ လက်ရွေးစင်ဟောင်း ဂျိုးမာလာဟာ ပရော်ဖက်ရှင်နယ် ရပ်ဘီ အားကစားသမားဘဝကနေ အနားယူလိုက်ပြီလို့ နိုဝင်ဘာ ၂၈ ရက်နေ့မှာ ကြေညာသွားခဲ့ပါတယ်။ အသက် ၃၄ နှစ်အရွယ် မာလာဟာ အခုလ အစောပိုင်းမှာ လက်ရွေးစင်ကစားသမားအဖြစ်ကနေ အနားယူကြောင်း ကြေညာခဲ့တာဖြစ်ပြီး ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ ဘရစ္စတိုး ဘဲလ် အသင်းနဲ့ ပွဲက သူ့ရဲ့ ပရိုကစားသမားဘဝ နောက်ဆုံးပွဲဖြစ်တယ်လို့ အတည်ပြုသွား ခဲ့တာဖြစ်ပါတယ်။
အနိမ့်အမြင့် အတက်အကျတွေနဲ့ ကစားသမားဘဝကို အခုချိန်မှာ အနားပေးသင့်ပြီဖြစ်တယ်လို့ ခံစားမိတာ ကြောင့် အခုလိုမျိုး ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ အင်္ဂလန်ရပ်ဘီအသင်းအတွက် ၉၅ ပွဲကစားပေးထားတဲ့ မာလာက ပြောသွားခဲ့ပါတယ်။ မာလာဟာ အင်္ဂလန်ပရီးမီးယားရှစ် ရပ်ဘီလိဂ်ပြိုင်ပွဲဝင် ဟာလီကွင်း အက်ဖ်စီကို ၂၀၀၉ ခုနှစ်မှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ၂၀၁၂ နဲ့ ၂၀၂၁ တွေမှာ ပရီးမီးယားရှစ် ချန်ပီယံဆုတွေကို ၂ ကြိမ်ရယူနိုင်ခဲ့ပါတယ်။
ဂျိုးမာလာဟာ ပရို စီနီယာကစားသမားဘဝတစ်လျှောက် ဟာလီကွင်း တစ်သင်းတည်း မှာပဲ ကစားခဲ့ပြီး အသင်း အတွက် ပြိုင်ပွဲစုံ ၂၈၅ ပွဲအထိ ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။ မာလာဟာ အင်္ဂလန် အသင်းနဲ့အတူ ၂၀၁၉ ရပ်ဘီကမ္ဘာ့ဖလားမှာ ဒုတိယရခဲ့သလို ၂၀၂၃ ရပ်ဘီကမ္ဘာ့ဖလားမှာ တတိယ ရခဲ့ပါတယ်။