နိုဝင်ဘာလ(၂၈)ရက်က ကစားခဲ့တဲ့ ဘိုဒိုဂလင့်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မန်ယူနည်းပြဘဝ ပထမဆုံးနိုင်ပွဲ ရခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ နည်းပြအမ်မိုရင်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဘိုဒို ဂလင့်အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပထမပိုင်းအတွင်း (၂)ဂိုးစီသရေကျခဲ့ပေမယ့် ပွဲအပြီးမှာ (၃)ဂိုး၊ (၂)ဂိုးနဲ့ အနိုင်ရခဲ့တာပါ။
အသင်းကိုစရောက်တာ မကြာသေးလို့ အသင်းသားတွေက သူလိုချင်တဲ့အတိုင်း မကစားနိုင်ခဲ့ပေမယ့် မန်ယူ နည်းပြဘဝ ပထမဆုံးနိုင်ပွဲရခဲ့တဲ့အတွက် ပျော်ရွှင်မိတယ်လို့ အမ်မိုရင်က ပြောပါတယ်။ ဘိုဒိုဂလင့် နဲ့ပွဲစဉ်မှာ အကောင်းဆုံးထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့် နိုင်ပွဲရဖို့အတွက် ရုန်းကန်ခဲ့ရတယ်လို့လည်း နည်းပြ အမ်မိုရင်က ဝန်ခံသွားခဲ့ပါတယ်။
မန်ယူအသင်းဟာ ပွဲအစ(၁)မိနစ်မှာတင် ဂါနာချိုက ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ပထမပိုင်းမှာပဲ ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေကို ပြန်ပေးခဲ့ရပါတယ်။ မန်ယူအသင်းအတွက် အရေးပါတဲ့ ဂိုးတွေကို အခုဘောလုံး ရာသီမှာ ခြေစွမ်းပြဖို့ရုန်းကန်နေရတဲ့ ဟွိုက်လန်းက ပွဲချိန်(၄၅)မိနစ်နဲ့ မိနစ်(၅၀)တို့မှာ သွင်းယူပေးခဲ့ပါတယ်။ မန်ယူ အသင်းဟာ အခုပွဲစဉ်မှာအနိုင်ရခဲ့တာကြောင့် ယူရိုပါလိဂ်(၅)ပွဲကစားပြီးချိန်မှာ (၂)ပွဲနိုင်၊ (၃)ပွဲသရေ၊ ရမှတ် (၉)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၁၂)နေရာမှာ ရပ်တည်နေပါတယ်။