နည်းပြစတိဗ်ကူးပါးကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် လက်စတာအသင်းဟာ နစ္စတယ်ရွိုင်းကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့အတွက် နီးစပ်နေပြီ ဖြစ်ပါတယ်။ နည်းပြစတိဗ်ကူးပါးဟာ အခုဘောလုံးရာသီမှာမှ လက်စတာ အသင်းရဲ့နည်းပြဖြစ်လာခဲ့ပေမယ့် ရလဒ်ဆိုးရွားနေခဲ့တာကြောင့် ချယ်လ်ဆီးအသင်းကို (၂)ဂိုး၊ (၁)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်အပြီးမှာ ရာထူးကနေ ထုတ်ပယ်ခဲ့တာပါ။
နစ္စတယ်ရွိုင်းကတော့ မန်ယူအသင်းကို ယာယီနည်းပြအဖြစ် တာဝန် ယူကိုင်တွယ်ခဲ့သလို ရလဒ်ကောင်းတွေရရှိ အောင် လုပ်ဆောင်ပေးနိုင်ခဲ့သူပါ။ ဒါကြောင့်လည်း လက်စတာ အသင်းက နည်းပြသစ်အဖြစ် ခန့်အပ်ဖို့အတွက် နစ္စတယ်ရွိုင်းနဲ့ ဆွေးနွေးနေခဲ့တာဖြစ်ပြီး သဘောတူညီမှုရဖို့ နီးစပ်နေပြီ ဖြစ်ပါတယ်။
နစ္စတယ်ရွိုင်းဟာ မန်ယူအသင်းရဲ့ယာယီနည်းပြဘဝမှာ ပြိုင်ပွဲစုံရှုံးပွဲမရှိအောင် ကိုင်တွယ် ပေးနိုင်ခဲ့သလို PSV အသင်းရဲ့နည်းပြဖြစ်တုန်းကလည်း အသင်းနဲ့အတူ နယ်သာလန်လိဂ်ဖလား(၁)လုံး ဆွတ်ခူး ပေးနိုင်ခဲ့ပါတယ်။ လက်စတာအသင်းဟာ အခုဘောလုံးရာသီမှာ ရလဒ်ပိုင်းဆိုးရွားနေခဲ့သလို ပရီးမီးယားလိဂ် (၁၂)ပွဲ ကစားပြီးချိန်မှာ ရမှတ်(၁၀)မှတ်ကိုသာ ရယူနိုင်ခဲ့ပါသေးတယ်။