ပဲရစ်အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်နိုင်ဖို့ ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဝင်ပြိုင်မှာမဟုတ်ဘူးလို့ စပိန်တင်းနစ်သမား ရာဖေးနာဒယ်က ဇွန်လ ၁၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
ဇူလိုင်လ ၂၆ ရက်နေ့မှာ စတင်မယ့် ပဲရစ် အိုလံပစ် ပြိုင်ပွဲအတွက် စပိန်အိုလံပစ်တင်းနစ်အသင်းမှာ နာဒယ်ပါဝင်မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး နောက်တစ်ရက် အကြာမှာ နာဒယ်က အခုလို ပြောကြားလိုက်တာပါ။
ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဇူလိုင်လ ၁ ရက်နေ့ကနေ ဇူလိုင်လ ၁၄ ရက်အထိ ကျင်းပမှာဖြစ်လို့ အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်ချိန်မလုံလောက်မှာကို နာဒယ်က စိုးရိမ်နေတာဖြစ်ပါတယ်။
ဒဏ်ရာပြဿနာတွေနဲ့ ပြန်လည်ရင်ဆိုင်ရမှာကိုလည်း အသက် ၃၈ နှစ်အရွယ် နာဒယ်က ရှောင်ရှား လိုတဲ့သဘောနဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဝင်မပြိုင်ဖို့ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။
နာဒယ်ဟာ ၂၀၀၈ အိုလံပစ်ပြိုင်ပွဲ မှာ တစ်ဦးချင်းရွှေတံဆိပ်ဆုနဲ့ ၂၀၁၆ အိုလံပစ်မှာ အသင်းလိုက်ရွှေတံဆိပ်ဆုတွေကို ရရှိထားခဲ့တာဖြစ်ပြီး အခုနှစ်အိုလံပစ်ပြိုင်ပွဲမှာတော့ အယ်ကာရက်ဇ်နဲ့အတူ အမျိုးသားနှစ်ယောက်တွဲ ပြိုင်ပွဲတွေကို ဝင်ပြိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။