ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပဖို့ လိုင်စင်ယူထားတဲ့ ပွဲစီစဉ်သူတွေအနေနဲ့ လိုင်စင်သက်တမ်းမတိုးရင် လိုင်စင်ကို ဖျက်သိမ်းသွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်က နိုဝင်ဘာလ(၂၆)ရက် ရက်စွဲနဲ့အသိပေး ထုတ်ပြန်ထားပါတယ်။ လိုင်စင်သက်တမ်းတိုးတာကိုတော့ ဒီဇင်ဘာလ(၃၁)ရက်နေ့ နောက်ဆုံးထားပြီး လုပ်ဆောင်နိုင်တယ်လို့ သိရပါတယ်။
လာမယ့်နှစ်မှာ လက်ဝှေ့ပြိုင်ပွဲတွေပြုလုပ်ဖို့ စီစဉ်နေကြတဲ့အတွက် လိုင်စင်သက်တမ်းတိုးတာတွေကို လုပ်ဆောင် ပေးနေပြီး သက်တမ်းမတိုးတဲ့သူတွေကိုတော့ ပွဲကျင်းပခွင့်တွေ ပယ်ဖျက်သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံရိုးရာ လက်ဝှေ့အဖွဲ့ချုပ် အမှုဆောင်အရာရှိချုပ် ဦးကျော်ဇော်ဦးက ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာနိုင်ငံမှာ လက်ဝှေ့ပြိုင်ပွဲကျင်းပဖို့ လိုင်စင်ယူထားတဲ့ဦးရေက(၁၀)ယောက်ရှိပြီး လိုင်စင် သက်တမ်းတိုးတဲ့သူတွေ၊ လိုင်စင်အသစ်လျှောက်တဲ့သူတွေ ရှိလာရင်တော့ ပြိုင်ပွဲကျင်းပတာတွေ တိုးလာမှာဖြစ် တယ်လို့ ဆိုပါတယ်။ ကျင်းပတဲ့ ရိုးရာလက်ဝှေ့ပြိုင်ပွဲတွေကတော့ နိုင်ငံခြားတွဲဆိုင်း၊မြန်မာနိုင်ငံသားတွဲဆိုင်းနဲ့ မျိုးဆက်သစ်တွဲ ဆိုင်းတွေကို ကျင်းပကြတယ်လို့ သိရပါတယ်။
ရိုးရာလက်ဝှေ့ပြိုင်ပွဲကျင်းပခွင့်လိုင်စင်အဖြစ် လိုင်စင်အမျိုးအစား(၃)မျိုး သတ်မှတ်ထားပြီး A လိုင်စင်ကို ကျပ် သိန်း(၂၀)၊ B လိုင်စင်ကို (၁၀)သိန်း၊ C လိုင်စင်ကို (၅)သိန်း သတ်မှတ်ထားပါတယ်။ အဲဒီလိုင်စင်သက်တမ်း ကာလမှာ (၁)နှစ်ရှိတယ်လို့ မြန်မာနိုင်ငံရိုးရာလက်ဝှေ့အဖွဲ့ချုပ်ကနေ သိရပါတယ်။