ဗြိတိန် အိုလံပစ်လက်ဝှေ့သမား ပက်ထရစ်ဘရောင်းဟာ လာမယ့် ၂၀၂၅ မှာ ပရိုလက်ဝှေ့ပွဲတွေကို စတင်ထိုးသတ် သွားတော့မှာဖြစ်ပါတယ်။ အသက် ၂၅ နှစ်အရွယ် ဘရောင်းဟာ ပရိုလက်ဝှေ့ပွဲတွေကို စီစဉ်ပေးနေတဲ့ ပွဲစီစဉ်သူ အက်ဒီဟန်းရဲ့ Matchroom နဲ့ စာချုပ်ချုပ်ဆိုခဲ့ပြီးနောက် ခရူဇာဝိတ်တန်းမှာ ထိုးသတ်မှာဖြစ်တယ်လို့ သတင်း တွေက ဖော်ပြကြပါတယ်။
ဗြိတိန် ချန်ပီယံဆုကို ၂ ကြိမ်ရရှိထားခဲ့ဖူးတဲ့ ဘရောင်းဟာ ပြီးခဲ့တဲ့ ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာတော့ ဗြိတိန်အသင်း အတွက် ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပထမအဆင့်မှာပဲ ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။ အက်ဒီနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံချိန် မှာပဲ အမြင်တွေက တူညီခဲ့သလို အကောင်းဆုံး လက်တွဲနိုင်မယ်ဆိုတာ သေချာခဲ့ပါတယ်လို့ ဘရောင်းက ပြောခဲ့ပါတယ်။
မန်ချက်စတာမြို့သား ဗြိတိန် လက်ဝှေ့ကျော် ရစ်ကီဟက်တန်ကို အားကျခဲ့တဲ့ ဘရောင်းဟာ လက်မှတ်အကုန် ရောင်းချရတဲ့ ပွဲစဉ်မျိုးကို ထိုးသတ်ခွင့်ရဖို့က သူ့ရဲ့ အိပ်မက်ဖြစ်တယ်လို့ ပြောသွားပါတယ်။ ပွဲစီစဉ်သူ အက်ဒီဟန်း ကလည်း ဘရောင်းနဲ့ စာချုပ်ချုပ်ဆိုနိုင်မှုက အနာဂတ်အတွက် စိတ်လှုပ်ရှားစရာကောင်းတဲ့ စာချုပ်ဖြစ်ပါလိမ့် မယ်လို့ ပြောသွားပါတယ်။ ဘရောင်းဟာ ကာလရှည် လက်တွဲလာခဲ့တဲ့ နည်းပြ ဂျေမီမိုးနဲ့အတူ ပထမဆုံး ပရိုပွဲ စဉ်အတွက် လေ့ကျင့်ပြင်ဆင်မှုတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။