ရီးရဲလ်တိုက်စစ်မှူး ဗီနီစီးယက်စ်ဟာ တံကောက်ကြောဒဏ်ရာကြောင့် ဗုဒ္ဓဟူးနေ့ ညမှာကစားမယ့် လီဗာပူး အသင်းနဲ့ ချန်ပီယံလိဂ်ပွဲကို လွဲချော်မှာဖြစ်တယ်လို့ သိရပါတယ်။ ဘရာဇီးတိုက်စစ်မှူး ဗီနီစီးယက်စ်ဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ လီဂါနက်စ်အသင်းနဲ့ လာလီဂါပွဲမှာ ပွဲချိန်ပြည့် ကစားခဲ့တာ ဖြစ်ပါတယ်။
လီဗာပူးနဲ့ ကစားမယ့်ပွဲအတွက် အင်္ဂလန်ကို ထွက်ခွာမယ့် ကစားသမား ၁၉ ဦးစာရင်းကို ရီးရဲလ်အသင်းက ကြေ ညာခဲ့ရာမှာ ဘယ်ဘက်ခြေထောက် တံကောက်ကြောဒဏ်ရာရနေတဲ့ ဗီနီစီးယက်စ်ကို ချန်လှပ်ထားခဲ့တာကို တွေ့ရပါတယ်။ စပိန်သတင်းစာတွေရဲ့ ဖော်ပြချက်အရတော့ ဗီနီစီးယက်စ်ဟာ ဒဏ်ရာကြောင့် အနည်းဆုံး ၃ ပတ်လောက် အနားယူရဖွယ်ရှိတယ်လို့ သိရပေမယ့် ရီးရဲလ်အသင်းဘက်ကတော့ တရားဝင်ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။ ဗီနီစီးယက်စ်ကတော့ သူ့ရဲ့ လူမှုကွန်ရက်မှာ ပွဲစဉ်တွေ ဆက်တိုက်ကစားရတဲ့ ဘောလုံးပြက္ခဒိန်ကို ဝေဖန်ခဲ့သလို ဒဏ်ရာက ပြန်သက်သာဖို့ အကောင်းဆုံးကြိုးစားသွားမယ်လို့ ရေးသားထားပါတယ်။
ရီးရဲလ်အသင်းဟာ အခုရာသီ ချန်ပီယံလိဂ်မှာ ရလဒ်ကောင်းရဖို့ ရုန်းကန်နေရပြီး အမှတ်ပေးဇယားရပ်တည်မှု အဆင့်-၁၈ နေရာကို ရောက်ရှိ နေတာဖြစ်ပါတယ်။ လီဗာပူးအသင်းဘက်မှာလည်း အင်္ဂလန်ညာနောက်ခံလူ အာနိုးဟာ ဒဏ်ရာပြဿနာကြောင့် ရီးရဲလ်နဲ့ပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာဘူးလို့ သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။