မာစီးဒီးစ်အသင်းရဲ့ ဗြိတိန်ဒရိုင်ဗာ ဟာမီလ်တန်က ရာသီပိတ်ပွဲစဉ် ၃ ခုကို သေချာအာရုံစိုက် ပြင်ဆင်သွားမှာ ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဟာမီလ်တန်ဟာ အခုနှစ်ဖော်မြူလာဝမ်းရာသီအကုန်မှာ မာစီးဒီးစ်အသင်းနဲ့ ၁၂ နှစ်ကြာလက်တွဲမှုကို အဆုံးသတ်မှာဖြစ်ပြီး ပြိုင်ဘက် ဖာရာရီအသင်းကို ပြောင်းရွှေ့တော့မှာ ဖြစ်ပါတယ်။
အသက် ၃၉ နှစ်အရွယ် ဟာမီလ်တန်ဟာ ဖော်မြူလာဝမ်းကမ္ဘာ့ချန်ပီယံဆုကို ၇ ကြိမ် ရရှိထားပြီး မာစီးဒီးစ် အသင်းနဲ့အတူ ချန်ပီယံဆု ၆ ကြိမ်အထိ ရယူထားနိုင်ခဲ့တာပါ။ ဒါပေမဲ့ အခုနောက်ပိုင်းနှစ်တွေမှာတော့ ဟာမီလ်တန်ရဲ့ စွမ်းဆောင်ရည်တွေက ကျဆင်းလာခဲ့သလို အခုရာသီမှာလည်း ရလဒ်ကောင်းရဖို့ကို ရုန်းကန် နေခဲ့ရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က ယှဉ်ပြိုင်ခဲ့တဲ့ ဆော်ပေါ်လို ဂရင်းပရီမှာလည်း ဟာမီလ်တန်ဟာ အဆင့် ၁၀ မှာသာ ရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ်။
ဖော်မြူလာဝမ်း ကမ္ဘာ့ချန်ပီယံဆုကို ၂၀၂၀ မှာနောက်ဆုံးရရှိထားတဲ့ ဟာမီလ်တန်က အခုချိန်မှာ မာစီးဒီးစ် အသင်းအတွက် နောက်ဆုံးယှဉ်ပြိုင်ပေးရမယ့် ရာသီလက်ကျန်ပွဲစဉ် ၃ ပွဲကို အပြည့်အဝအာရုံစိုက်ထားသလို သူ့မှာရှိသမျှ စွမ်းဆောင်ရည်အကုန် အသုံးပြုသွားမှာ ဖြစ်တယ်လို့ ပြောထားပါတယ်။ အခုတစ်ပတ်မှာတော့ ၂၀၂၄ ဖော်မြူလာဝမ်းရာသီရဲ့ လက်ကျန်ပွဲစဉ် ၃ ပွဲထဲက လာ့စ်ဗေးဂတ်စ် ဂရင်းပရီကို ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။