ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန်ညာနောက်ခံလူ ရီစီဂျိမ်းစ်ဟာ အသင်းနဲ့အတူ လေ့ကျင့်ရေးလုပ်ခဲ့ရာမှာ ဒဏ်ရာ ရခဲ့တာကြောင့် အနားယူရမယ်လို့ နည်းပြမာရက်စကာက နိုဝင်ဘာလ(၂၁)ရက်နေ့မှာ အတည်ပြုသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက တံကောက်ကြောဒဏ်ရာကြောင့် အချိန်အတော်ကြာ အနားယူခဲ့ရတဲ့ ရီစီဂျိမ်းစ်ဟာ အခုအချိန်မှာလည်း တံကောက်ကြောဒဏ်ရာ ထပ်မံရရှိခဲ့တာပါ။
ရီစီဂျိမ်းစ်က အသင်းနဲ့အတူလေ့ကျင့်ရေးမှာ တံကောက်ကြောဒဏ်ရာရခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေအနေကို စောင့်ကြည့်သွားရမယ်လို့ နည်းပြမာရက်စကာက ပြောပါတယ်။ ရီစီဂျိမ်းစ်ဟာ ဒဏ်ရာပြဿနာကြောင့် အခုတစ်ပတ်မှာကစားမယ့် စပါးအသင်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်ကို သေချာပေါက် လွဲချော်မှာဖြစ်ပါတယ်။
ကြားရက်မှာကစားမယ့် ကွန်းဖရင့်လိဂ်ပွဲစဉ်မှာတော့ ရီစီဂျိမ်းစ် အနေနဲ့ ပါဝင်လာနိုင်ဖို့ မျှော်လင့်မိတယ်လို့လည်း နည်းပြမာရက်စကာက ပြောကြားခဲ့ပါတယ်။ ရီစီဂျိမ်းစ်ဟာ အသက် (၂၄)နှစ်အရွယ်သာ ရှိသေးပေမယ့် နောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြဿနာကြောင့် ချယ်လ်ဆီးအသင်းရဲ့ ပွဲစဉ် အများစုကို လွဲချော်ခဲ့ရပါတယ်။