နည်းပြမာတီနိုနဲ့ လမ်းခွဲတော့မယ့် အင်တာမိုင်ယာမီအသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ့်စာရင်းမှာ ဇီဒန်းနဲ့ ဇာဗီ တို့လည်း ပါဝင်လာခဲ့ကြပါတယ်။ အင်တာမိုင်ယာမီအသင်းရဲ့ လက်ရှိနည်းပြမာတီနိုဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာ အကြောင်းပြချက်တွေကြောင့် အသင်းနဲ့လမ်းခွဲဖို့ နှစ်ဦးသဘောတူ ဆုံးဖြတ်ခဲ့ကြတာပါ။
အင်တာမိုင်ယာမီအသင်းဟာ လာမယ့် (၂၀၂၅)ခုနှစ်မှာ မေဂျာလိဂ်ပြိုင်ပွဲအပြင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဝင်ပြိုင်ရတော့မှာ ဖြစ်တာကြောင့် မာတီနို ထွက်ခွာသွားတာနဲ့ နည်းပြသစ်တစ်ယောက်ကို အမြန်ဆုံးခန့်အပ်ဖို့ လုပ်ဆောင်သွားရမှာဖြစ်ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့အတူ အောင်မြင်မှုတွေကိုရယူပေးနိုင်ခဲ့တဲ့ နည်းပြ ဇီဒန်းကလည်း အင်တာ မိုင်ယာမီအသင်းရဲ့ နည်းပြသစ်ဖြစ်လာမယ့်စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။
ဘာစီလိုနာအသင်းနဲ့ လမ်းခွဲခဲ့ပြီးနောက် အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ ဇာဗီကိုလည်း အင်တာမိုင်ယာမီအသင်းရဲ့ နည်းပြသစ်ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့လည်း ပရိသတ်တွေက ခန့်မှန်းနေကြပါတယ်။ နည်းပြမာတီနိုဟာ အင်တာ မိုင်ယာမီအသင်းကို (၂၀၂၃)ခုနှစ်မှာ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ လိဂ်ဖလား(၁)ကြိမ်၊ မေဂျာလိဂ် Supporters’ Shield (၁)ကြိမ် ဆွတ်ခူးပေးနိုင်ခဲ့ပါတယ်။