နည်းပြ ဂီလာဒီနိုကို ဂျီနိုအာအသင်း ထုတ်ပယ်
————————
အသင်းကို ၂ နှစ်ကြာ တာဝန်ယူလာခဲ့တဲ့ နည်းပြဂီလာဒီနိုကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ အီတလီ စီးရီးအေကလပ် ဂျီနိုအာအသင်းက အတည်ပြုလိုက်ပါတယ်။ ဂျီနိုအာအသင်းဟာ အခုရာသီ စီးရီးအေ ၁၂ ပွဲ ကစားအပြီးမှာ ရမှတ် ၁၀ မှတ်သာရထားပြီး တန်းဆင်းဇုန်နဲ့ ၁ မှတ်အကွာ အဆင့်-၁၇ ကိုရောက်နေလို့ နည်းပြ ဂီလာဒီနိုနဲ့ အခုလိုမျိုး လမ်းခွဲလိုက်တာဖြစ်ပါတယ်။
အသင်းနဲ့အတူ ရှိနေစဉ်အတွင်း အကောင်းဆုံးကြိုးစား ပေးခဲ့မှုတွေအတွက် နည်းပြဂီလာဒီနိုနဲ့ သူ့ရဲ့နည်းပြအဖွဲ့ ဝင်တွေကို ကျေးဇူးတင်တယ်လို့ ဂျီနိုအာအသင်း ကြေညာချက်မှာ ရေးသားထားပါတယ်။ အခုလို အထုတ်ခံလိုက် ရတဲ့အတွက် ဂီလာဒီနိုဟာ အခုရာသီ စီးရီးအေမှာ ထုတ်ပယ်ခံရတဲ့ ၄ ယောက်မြောက်နည်းပြ ဖြစ်လာခဲ့ပါတယ်။ အခုရာသီ စီးရီးအေမှာ ဒီရော့စီက ရိုးမားအသင်း နည်းပြအဖြစ်က ထုတ်ပယ်ခံထားရသလို နည်းပြဂေါ့တီကိုလည်း လက်ချီအသင်းက ထုတ်ပယ်ထားခဲ့တာပါ။
တတိယမြောက် ထုတ်ပယ်ခံလိုက်ရသူက နည်းပြဂျူရစ်ဖြစ်ပြီး ရိုးမားအသင်းကနေ ထုတ်ပယ်လိုက်တာပါ။ ဂျီနိုအာ အသင်းအနေနဲ့ နည်းပြသစ်ကို အလျင်အမြန်ခန့်အပ်နိုင်ဖို့ ကြိုးစားနေပြီး သတင်းတွေအရ အာဆင်နယ် ကွင်းလယ်လူဟောင်း ပက်ထရစ် ဗီအဲရာက နည်းပြသစ်ဖြစ်လာနိုင်တယ်လို့ သိရပါတယ်။ ဂျီနိုအာအသင်းဟာ လာမယ့် တနင်္ဂနွေနေ့မှာ ကက်ဂလီယာရီအသင်းနဲ့ စီးရီးအေပွဲစဉ်ကို ကစားရဖို့ ရှိနေပါတယ်။