မော်ဂန်ရော်ဂျာကို ဗီလာ စာချုပ်သစ် ချုပ်ဆိုနိုင်ခဲ့
———————
ဗီလာအသင်းဟာ အသင်းရဲ့လူငယ်ကစားသမား မော်ဂန်ရော်ဂျာကို (၂၀၃၀)ပြည့်နှစ်အထိ စာချုပ်သစ် ချုပ်ဆို နိုင်ခဲ့ပြီလို့ နိုဝင်ဘာလ(၁၉)ရက်နေ့က တရားဝင်ကြေညာခဲ့ပါတယ်။ ရော်ဂျာဟာ ဗီလာအသင်းကို (၂၀၂၄)ခုနှစ် မှာမှ မစ်ဒယ်ဘရော့အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပေမယ့် ဗီလာအသင်းဘက်က စာချုပ်သစ် ထပ်မံ ချုပ်ဆိုဖို့အတွက် လုပ်ဆောင်ခဲ့တာပါ။
ရော်ဂျာဟာ အခုမှအသက်(၂၂)နှစ်အရွယ်သာ ရှိသေးပေမယ့် ဒီရာသီမှာ ဗီလာအသင်းကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၁)ပွဲလုံးကို ပွဲထွက်ကစားသမားအဖြစ် ကစားခွင့်ရထားပါတယ်။ ရော်ဂျာအနေနဲ့ အခုဘောလုံးရာသီမှာ ဗီလာအသင်းအတွက် ခြေစွမ်းပြနေသလို အသင်းအတွက် ပြိုင်ပွဲစုံ (၁၅)ပွဲ ကစားပြီးချိန်မှာ (၃)ဂိုးသွင်းယူကာ (၃)ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။
ကလပ်အသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ရော်ဂျာကို အင်္ဂလန်လက်ရွေးစင်အသင်းက အသင်းရဲ့လူစာရင်းမှာ ရွေးချယ်ခဲ့သလို ဂရိအသင်းကို (၃)ဂိုးပြတ် အနိုင်ရခဲ့တဲ့ နေးရှင်းလိဂ်ပွဲစဉ်မှာလည်း လူစားဝင်ကစားသမားအဖြစ် ကစားပေးခဲ့ပါတယ်။ ဗီလာအသင်းနဲ့ စာချုပ်သစ်ချုပ်ဆို နိုင်ခဲ့တဲ့ ရော်ဂျာက နည်းပြအူနိုင်းအမ်မရီလက်ထက်မှာ ကစားရတဲ့အပေါ် ကျေနပ်မိသလို စာချုပ်သစ်ချုပ်ဆို နိုင်ခဲ့တဲ့အတွက်လည်း ပျော်ရွှင်မိတယ်လို့ ပြောကြားခဲ့ပါတယ်။