အာဂျင်တီးနားလူမျိုးနည်းပြ မာတီနိုဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာအကြောင်းပြချက်နဲ့ အင်တာမိုင်ယာမီ နည်းပြအဖြစ် ကနေ နုတ်ထွက်တော့မှာဖြစ်ပါတယ်။ ၂၀၂၃ ဇွန်လမှာ အင်တာမိုင်ယာမီကို စတင်တာဝန်ယူခဲ့တဲ့ မာတီနိုရဲ့ စာချုပ်က ၁ နှစ်ကျန်ရှိနေသေးပေမယ့် အခုလိုမျိုး နုတ်ထွက်ဖို့ ဖြစ်လာခဲ့တာပါ။
မာတီနိုရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲကို နိုဝင်ဘာ ၂၂ ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီး အင်တာမိုင်ယာမီအသင်း ပူးတွဲပိုင်ရှင် ဂျော့ချ်မက်စ်လည်း တက်ရောက်မှာ ဖြစ်ပါတယ်။ မာတီနိုဟာ အခုရာသီ မေဂျာလိဂ် အရှေ့ပိုင်း ကွန်ဖရင့်စ်မှာ အင်တာမိုင်ယာမီအသင်းကို အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ဦးဆောင်ပေးနိုင်ခဲ့သူပါ။
ဒါပေမဲ့ အခုရာသီ ကွန်ကာကပ်ဖ်ချန်ပီယံများဖလားပြိုင်ပွဲမှာ အင်တာမိုင်ယာမီအသင်းဟာ ကွာတား ဖိုင်နယ်ကနေ ထွက်ခဲ့ရသလို ၂၀၂၄ လိဂ်ဖလားမှာလည်း ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ တစ်ပတ်ကလည်း မေဂျာလိဂ်ဖလား ပလေးအော့ဖ်မှာ ပထမအဆင့်ကနေပဲ ထွက်ခဲ့ရမှုက မာတီနိုရဲ့ အနာဂတ်ကို အဆုံးအဖြတ် ဖြစ်စေခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။
အင်တာမိုင်ယာမီအသင်းဟာ လာမယ့် ၂၀၂၅ မှာ မေဂျာလိဂ်ပြိုင်ပွဲအပြင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကိုလည်း ဝင်ပြိုင်ရတော့မှာဖြစ်လို့ နည်းပြသစ် ဖြစ်လာမယ့်သူအတွက်လည်း စိန်ခေါ်မှုတွေ ပိုမိုပြင်းထန်နိုင်တယ်လို့ ခန့်မှန်းမှုတွေ ရှိနေပါတယ်။