ပရီးမီးယားကလပ် လီဗာပူးအသင်းရဲ့ အသင်းခေါင်းဆောင် ဗန်ဒိုက်က အသင်းနဲ့ စာချုပ်သစ် ချုပ်ဆိုဖို့အတွက် ဆွေးနွေးမှုတွေကို ပြုလုပ်နေတယ်လို့ အောက်တိုဘာလ(၂၁)ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။
အသက်(၃၃)နှစ် အရွယ်ရှိနေပြီဖြစ်တဲ့ ဗန်ဒိုက်နဲ့ လီဗာပူးအသင်းတို့ရဲ့ စာချုပ်သက်တမ်းက အခုဘောလုံးရာသီအပြီးမှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် လီဗာပူးအသင်းက စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးနေခဲ့တာပါ။
စာချုပ်သစ်ကိစ္စအတွက် အသင်းနဲ့ဆွေးနွေးမှုတွေကို အခုအချိန်မှာ လုပ်ဆောင်နေတာဖြစ်ပြီး ဘာတွေဖြစ်လာမလဲဆိုတာကို စောင့်ကြည့်သွားရမယ်လို့ လီဗာပူးအသင်းခေါင်းဆောင် ဗန်ဒိုက်က ပြောပါတယ်။
အသင်းနဲ့စာချုပ်သက်တမ်းက အခုရာသီ အပြီးမှာ ကုန်ဆုံးမှာဖြစ်ပေမယ့်လည်း လီဗာပူးအသင်းကို ရလဒ်ကောင်းတွေရရှိအောင် လုပ်ဆောင်ပေးဖို့ကိုသာ အာရုံစိုက်ထားတယ်လို့ ဗန်ဒိုက်က ဆက်လက်ပြောကြားခဲ့ပါတယ်။
ဗန်ဒိုက်ဟာ (၂၀၁၈)ခုနှစ်မှာ လီဗာပူးအသင်းကို ဆောက်သမ်တန်အသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက်ပြိုင်ပွဲစုံ ပွဲပေါင်း(၂၈၀)ကျော် ကစားပေးခဲ့သူလည်း ဖြစ်ပါတယ်။