မန်ယူအသင်းရဲ့ မော်ရိုကိုနောက်ခံလူ မာဇရာဝီဟာ ရင်တုန်တဲ့ဝေဒနာကို ခံစားခဲ့ရပြီးနောက် အသေးစား ခွဲစိတ်မှု ပြုလုပ်ခဲ့ရတဲ့အတွက် အနားယူရဖွယ်ရှိနေပါတယ်။
အသက် ၂၆ နှစ်အရွယ် မာဇရာဝီအနေနဲ့ ကြံ့ခိုင်မှု ပြန်လည် ပြည့်ဝပြီး ပွဲတွေဝင်ကစားနိုင်ဖို့အတွက် ရက်သတ္တပတ်အနည်းငယ် အနားယူ ရမှာဖြစ်တယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
မန်ယူအသင်းဟာ မာဇရာဝီကို ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်း ကနေ ပေါင် ၁၂ ဒသမ ၈ သန်းနဲ့ ခေါ်ယူခဲ့တာဖြစ်ပြီး အသင်းရဲ့ညာခြမ်း ခံစစ်မှာ ပုံမှန်အသုံးပြုနေခဲ့တာပါ။
မာဇရာဝီဟာ ပြီးခဲ့တဲ့ ၂၀၂၃ ဇန်နဝါရီက ကိုဗစ်ကူးစက်ခံရမှုရဲ့ နောက်ဆက်တွဲအဖြစ် နှလုံးတစ်သျှူး ရောင်ရမ်း တာကို ခံစားခဲ့ရပြီး ဘောလုံးနဲ့ ခေတ္တခဏ ကွင်းကွာခဲ့ရဖူးပါတယ်။
အဲဒီနောက် တစ်လအကြာမှာ မာဇရာဝီဟာ လေ့ကျင့်မှုတွေ ပြန်လုပ်ခဲ့ပေမယ့် မတ်လအထိ ပွဲမကစားနိုင် ဖြစ်ခဲ့တာပါ။
မာဇရာဝီဟာ မန်ယူအသင်းရဲ့ အခုရာသီ ပရီးမီးယားလိဂ်ပွဲစဉ် ၇ ပွဲစလုံး ပါဝင်ကစားခွင့်ရထားသလို ပြိုင်ပွဲစုံ ၁၀ ပွဲ ပါဝင်ကစားပေးထားသူလည်း ဖြစ်ပါတယ်။
အခုလို မာဇရာဝီ အနားယူရမှာဖြစ်လို့ မန်ယူနည်းပြတန်ဟတ်အတွက်လည်း ခေါင်းခဲစရာ ဖြစ်လာခဲ့ပါတယ်။