နည်းပြပီအိုလီနဲ့ လမ်းခွဲထားခဲ့တဲ့ အေစီမီလန်အသင်းဟာ နည်းပြသစ်အဖြစ် ပေါ်တူဂီလူမျိုး ဖွန်ဆီကာကို ၃ နှစ် စာချုပ်နဲ့ ခန့်အပ်လိုက်တယ်လို့ ဇွန်လ ၁၃ ရက်နေ့က အတည်ပြုခဲ့ပါတယ်။
အေစီမီလန်အသင်းကို ပြီးခဲ့တဲ့ ရာသီ စီးရီးအေမှာ ဒုတိယနေရာရအောင် ဦးဆောင်ပေးနိုင်ခဲ့ပေမယ့် ထိပ်ဆုံးက မြို့ခံပြိုင်ဘက် အင်တာမီလန်နဲ့ ၁၉ မှတ် အထိ ကွာဟခဲ့ပြီးနောက် ရာသီကုန်မှာ နည်းပြ ပီအိုလီနဲ့လမ်းခွဲလိုက်တာဖြစ်ပါတယ်။
အသက် ၅၁ နှစ်အရွယ် ဖွန်ဆီကာဟာ ပြင်သစ်ကလပ် လိုင်လီကို နောက်ဆုံးကိုင်တွယ်ခဲ့တာဖြစ်ပြီး စီးရီးအေ အတွေ့အကြုံ အနေနဲ့ ရိုးမားအသင်းကို ၂၀၁၉ ကနေ ၂၀၂၁ အထိ ကိုင်တွယ်ခဲ့ဖူးပါတယ်။
နည်းပြဖွန်ဆီကာကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်ပျော်ရွှင်မိပါတယ်လို့ အေစီမီလန်အသင်း ကြေညာချက်မှာ ရေးသားထားပါတယ်။
ယူကရိန်းကလပ် ရှက်တာဒိုးနက်စ်အသင်းနဲ့ ပေါ်တူဂီကလပ် ပေါ်တိုအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ ဖွန်ဆီကာဟာ ၂၀၁၃ မှာ ပေါ်တိုအသင်းနဲ့ ပေါ်တူဂီစူပါဖလား ရရှိခဲ့သလို ရှက်တာဒိုးနက်စ်အသင်းနဲ့လည်း ယူကရိန်းအမှတ်ပေးချန်ပီယံဆု ရရှိခဲ့ဖူးသူ ဖြစ်ပါတယ်။