ပြီးခဲ့တဲ့ ဘောလုံးရာသီအကုန်မှာ လီဗာပူးအသင်းနဲ့လမ်းခွဲခဲ့တဲ့ နည်းပြ ကလော့ပ်ကို ရက်ဘူးလ်ရဲ့ ကမ္ဘာ့ဘောလုံး အကြီးအကဲအဖြစ် ခန့်အပ်လိုက်တယ်လို့ အောက်တိုဘာ ၉ ရက်နေ့မှာ အတည်ပြုလိုက်ပါတယ်။
ရက်ဘူးလ်ဟာ ဂျာမန်ကလပ် လိုက်ပ်ဇစ်နဲ့ မေဂျာလိဂ်ကလပ် နယူးယော့ခ်ရက်ဘူးလ်အပါအဝင် ဘောလုံးကလပ်အသင်းများစွာ ကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ်။
ဂျာမနီလူမျိုးနည်းပြ ကလော့ပ်ကတော့ လီဗာပူးအသင်းနဲ့အတူ ၉ နှစ်တာ ကာလကို ဖြတ်သန်းခဲ့ပြီးနောက် အောင်မြင်မှုများစွာနဲ့ အသင်းကို နှုတ်ဆက်ခဲ့တာဖြစ်ပါတယ်။
လက်ရှိမှာ အနားယူနေတဲ့ ကလော့ပ်ဟာ သူ့ရဲ့အလုပ်သစ်ကို ၂၀၂၅ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။
နည်းပြဘဝ ၂၅ နှစ်တာဖြတ်သန်းခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်အတွက် စိတ်လှုပ်ရှားမိတယ်လို့ လီဗာပူးအသင်း၊ မိန့်ဇ်အသင်းနဲ့ ဒေါ့မွန်အသင်း နည်းပြဟောင်း ကလော့ပ်က ထုတ်ပြန်ချက်မှာ ရေးထားပါတယ်။
အသက် ၅၇ နှစ်အရွယ် ကလော့ပ်ရဲ့ ရက်ဘူးလ် ဘောလုံးအကြီးအကဲအဖြစ် တာဝန်ယူမှုအပေါ် လိုက်ပ်ဇစ်အသင်း ရဲ့ ပြိုင်ဘက်ဖြစ်သလို ကလော့ပ်ရဲ့ အသင်းဟောင်းလည်းဖြစ်တဲ့ ဒေါ့မွန်ပရိသတ်တွေရဲ့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။