၂၀၂၃-၂၄ ဘောလုံးရာသီအတွက် အင်္ဂလန်တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ချဲလ်ဆီးကွင်းလယ်လူ ကိုးလ်ပယ်မာက ရရှိသွားခဲ့ပါတယ်။
ဘောလုံးပရိသတ်တွေရဲ့ မဲပေးရွေးချယ်မှုမှာ ပယ်မာဟာ ဒုတိယနေရာက ဘယ်လင်ဟမ်နဲ့ တတိယနေရာက ဆာကာတို့ကို ကျော်ဖြတ်ပြီး အကောင်းဆုံးဆုကို ရရှိသွားခဲ့တာပါ။
ပယ်မာဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာကမှ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ပထမဆုံး ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပြီး လက်ရှိ အချိန်မှာ လက်ရွေးစင်အသင်းအတွက် ၉ ပွဲအထိ ကစားပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
အသက် ၂၂ နှစ်အရွယ် ပယ်မာဟာ ၂၀၂၃-၂၄ ဘောလုံးရာသီ PFA အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိထားသလို အခုရာသီ ပရီးမီးယားလိဂ်မှာလည်း ချဲလ်ဆီးအသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့တာပါ။
အခုလို ရွေးချယ်ခံခဲ့ရတဲ့အတွက် ပယ်မာဟာ ၂၀၁၀ မှာဆုရခဲ့တဲ့ အက်ရှ်လေကိုးနောက်ပိုင်း တစ်နှစ်တာအကောင်းဆုံးဆုကို ရတဲ့ ပထမဆုံး ချဲလ်ဆီးကစားသမား ဖြစ်လာခဲ့ပါတယ်။
ဒီဆုကို နောက်ဆုံး ၂ ကြိမ်ဆက် ရရှိထားခဲ့တဲ့ အာဆင်နယ် တောင်ပံ တိုက်စစ်မှူး ဆာကာကတော့ အခုနှစ်မှာ ပယ်မာနဲ့ ဘယ်လင်ဟမ်တို့နောက် တတိယနေရာနဲ့သာ ကျေနပ်ခဲ့ရတာ ဖြစ်ပါတယ်။
၂၀၂၃-၂၄ အတွက် အင်္ဂလန်အမျိုးသမီးတစ်နှစ်တာ အကောင်းဆုံးဆုကိုတော့ အခုလကုန်ပိုင်းမှာ ကြေညာသွားမယ်လို့ သိရပါတယ်။