ရီးရဲလ်အသင်းရဲ့ ဘရာဇီးတောင်ပံကစားသမား ဗင်နီးစီးယက်စ်ဟာ လည်ပင်းဒဏ်ရာကြောင့် ကမ္ဘာ့ဖလားခြေစစ်ပွဲကစားမယ့်ဘရာဇီးအသင်းရဲ့ပွဲစဉ်တွေကို လွဲချော်သွားမှာဖြစ်တယ်လို့ ဘရာဇီးဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာလ(၆)ရက်နေ့မှာအတည်ပြုသွားခဲ့ပါတယ်။
ဗင်နီးစီးယက်စ်ဟာ ဗီလာရီးရဲလ်အသင်းနဲ့ပွဲစဉ်မှာ ရီးရဲလ်အသင်းအတွက် ပွဲထွက်ကစားခဲ့ပေမယ့် ဒဏ်ရာရခဲ့တာကြောင့်ပွဲချိန်(၇၉)မိနစ်မှာ လူစားလဲခံခဲ့ရတာပါ။
ဗင်နီးစီးယက်စ်ရဲ့ ဒဏ်ရာအခြေအနေကို အသေးစိတ်မသိရသေးပေမယ့် ဘရာဇီးလက်ရွေးစင်နည်းပြ ဒိုရီဗယ်ကအသင်းလူစာရင်းကနေ ဗင်နီးစီးယက်စ်ကို အစားထိုးလိုက်တာပဲဖြစ်ပါတယ်။
နည်းပြဒိုရီဗယ်ဟာ ဒဏ်ရာရခဲ့တဲ့ဗင်နီးစီးယက်စ်ရဲ့နေရာမှာ ဖူဟမ်ကွင်းလယ်လူပါရဲရားကို ဘရာဇီးလက်ရွေးစင်အသင်းရဲ့ လူစာရင်းမှာ အစားထိုးခေါ်ယူလိုက်တယ်လို့လည်း တရားဝင်ကြေညာချက်မှာထည့်သွင်းရေးသားထားတာကို တွေ့ရပါတယ်။
ဘရာဇီးအသင်းဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေအဖြစ် (၈)ပွဲကစားခဲ့ရာမှာ (၃)ပွဲနိုင်၊(၁)ပွဲသရေ၊ (၄)ပွဲရှုံး၊ ရမှတ်(၁၀)မှတ်သာ ရယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။