အောက်တိုဘာလ(၆)ရက်နေ့ကကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ အိမ်ကွင်းမှာကစားခဲ့ရပေမယ့်လည်းနော်တင်ဟမ်အသင်းနဲ့ (၁)ဂိုးစီသရေကျခဲ့ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အခုပွဲစဉ်မှာ အနိုင်ရဖို့ရေပန်းစားခဲ့သလို ပွဲချိန်အတွင်းအနိုင်(၃)မှတ်ရဖို့အတွက် ကြိုးစားခဲ့ပေမယ့် သရေကျခဲ့ရတာပါ။ ချယ်လ်ဆီးနဲ့ နော်တင်ဟမ်အသင်းတို့ဟာ အခုပွဲစဉ်မှာ ရလဒ်ကောင်းရဖို့အတွက် အဓိကကစားသမားတွေကိုအသုံးပြုခဲ့ကြပြီး နိုင်ပွဲရဖို့ကြိုးစားခဲ့ကြပါတယ်။
နော်တင်ဟမ်အသင်းဟာ အဝေးကွင်းဖြစ်တာကြောင့် သရေ(၁)မှတ်ရရှိအောင် ဦးတည်ကစားလာခဲ့တာဖြစ်ပြီး ပြိုင်ဘက်အသင်းရဲ့ ခံစစ်ကစားပုံကြောင့် ချယ်လ်ဆီးအသင်းက ဂိုးရဖို့အတွက်အခက်တွေ့ခဲ့ရပါတယ်။ ချယ်လ်ဆီးအသင်းဟာနော်တင်ဟမ်အသင်းကို ဖိအားပေးကစားနေခဲ့ပေမယ့် အခုပွဲစဉ်ရဲ့အဖွင့်ဂိုးကို နော်တင်ဟမ်အသင်းကရရှိခဲ့တာဖြစ်ပြီး တိုက်စစ်မှူးခရစ်ဝုဒ်က ပွဲချိန်(၄၉)မိနစ်မှာသွင်းယူခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းအတွက် ချေပဂိုးကို ပယ်မာရဲ့ပေးပို့မှုကို မာဒူကီကသွင်းယူပေးခဲ့ပါတယ်။ နော်တင်ဟမ်အသင်းဟာပွဲချိန်(၇၈)မိနစ်မှာ ဝက်ဒ်ပရောက်အနီကတ်ပြခံခဲ့ရတာကြောင့် တစ်ယောက်လျော့နဲ့ကစားခဲ့ရပေမယ့် ချယ်လ်ဆီးအသင်းကို သရေကျအောင်ကစားသွားခဲ့တာဖြစ်ပါတယ်။
ချယ်လ်ဆီးအသင်းဟာ အခုပွဲစဉ်မှာသရေကျခဲ့တာကြောင့် ပရီးမီးယားလိဂ်(၇)ပွဲကစားပြီးချိန်မှာ (၄)ပွဲနိုင်၊ (၂)ပွဲသရေ၊ (၁)ပွဲရှုံး၊ ရမှတ်(၁၄)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၄)နေရာမှာရပ်တည်နေပါတယ်။