တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ကျင်းပနေတဲ့ တရုတ်အိုးပင်းတင်းနစ် အမျိုးသမီးတစ်ဦးချင်းပြိုင်ပွဲမှာ ဆီဒင်အဆင့်-၄ ရထားတဲ့ အမေရိကန်တင်းနစ်မယ် ကိုကိုဂတ်ဖ်ဟာ ဆီမီးဖိုင်နယ် တက်သွားခဲ့ပါတယ်။
အောက်တိုဘာ ၃ ရက်က ယှဉ်ပြိုင်ခဲ့တဲ့ ကွာတားဖိုင်နယ်ပွဲစဉ်မှာ ကိုကိုဂတ်ဖ်နဲ့ ယူကရိန်းတင်းနစ်မယ် စတာရိုဒက်ဆီဗာတို့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။
လက်ရည်စစ်ပွဲကနေ အခုအဆင့်အထိ ရောက်လာခဲ့တဲ့ စတာရိုဒက်ဆီဗာဟာ ပထမပွဲလတ်မှာ အကောင်းဆုံးပုံစံရခဲ့ပြီး ကိုကိုဂတ်ဖ်ကို ဖိအားပေးနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ဒုတိယပွဲလတ်မှာတော့ ကိုကိုဂတ်ဖ်က ပုံမှန်လက်စွမ်းကို ပြန်ရခဲ့သလို စတာရိုဒက်ဆီဗာကလည်း ဖိအားတွေနဲ့အတူ အမှားအယွင်းတွေ များလာခဲ့ပါတယ်။
ပွဲကစားချိန် (၁)နာရီနဲ့ (၅၁)မိနစ် ကြာမြင့်ခဲ့ပြီးနောက်မှာ ကိုကိုဂတ်ဖ်က (၂း၆၊၆း၂၊၆း၂)ဆိုတဲ့ရလဒ်နဲ့ အနိုင်ရခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ခွင့်ရသွားခဲ့ပါတယ်။
ယူအက်စ်အိုးပင်းချန်ပီယံဟောင်း ကိုကိုဂတ်ဖ်အနေနဲ့ တရုတ်အိုးပင်း ဆီမီးဖိုင်နယ်အဆင့်ကို ၂ နှစ်ဆက် တက်ရောက်နိုင်ခဲ့တာဖြစ်ပြီး ဆီမီးဖိုင်နယ်မှာ ဆီဒင် အဆင့်-၁၅ ရထားတဲ့ စပိန်တင်းနစ်မယ် ဘာဒိုဆာနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ဘာဒိုဆာက ကိုကိုဂတ်ဖ်နဲ့ ထိပ်တိုက်တွေ့ဆုံမှုမှာ ၃ ကြိမ်နိုင် ၂ ကြိမ်ရှုံးရလဒ်နဲ့ အသာစီးရထားတာဖြစ်သလို အခုရာသီ အီတလီအိုးပင်းမှာ ဆုံတွေ့တုန်းကလည်း ဘာဒိုဆာက ကိုကိုဂတ်ဖ်ကို အနိုင်ရထားခဲ့တာဖြစ်ပါတယ်။