ဆီနီဂေါအသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့တဲ့ နည်းပြဆစ်စီက အသင်းနဲ့စာချုပ်သစ် ချုပ်ဆိုတော့မှာမဟုတ်ဘဲ ဆီနီဂေါအသင်းနဲ့ လမ်းခွဲသွားခဲ့ပြီလို့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်က အောက်တိုဘာလ(၂)ရက်နေ့မှာ တရားဝင် ထုတ်ပြန်ခဲ့ပါတယ်။
ဆစ်စီဟာ ဆီနီဂေါအသင်းကို (၂၀၁၅)ခုနှစ်ကတည်းက နည်းပြအဖြစ် ကိုင်တွယ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ အသင်းကနေ ထွက်ခွာဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဆစ်စီဟာ အသင်းမှာ အချိန်ကြာမြင့်စွာ နည်းပြခဲ့တာကြောင့် အသင်းနဲ့ဆက်ဆံရေးကောင်းတွေရှိပြီး အောင်မြင်မှုတွေရရှိအောင် လုပ်ဆောင်ပေးနိုင်ခဲ့သူ တစ်ယောက်ဖြစ်တာကြောင့် ကျေးဇူးတင်မိသလို အနာဂတ်မှာအဆင်ပြေဖို့အတွက် ဆုတောင်းပေးတယ်လို့ ဆီနီဂေါဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဆီနီဂေါအသင်းဟာ ပြီးခဲ့တဲ့(၂၀၂၃) အာဖရိက ဖလားပြိုင်ပွဲမှာ အိုင်ဗရီကို့စ်အသင်းကို ရှုံးနိမ့်ခဲ့ပြီး (၁၆)သင်းရှုံးထွက်အဆင့်မှာတင် ထွက်ခွာခဲ့ရတာကြောင့် ပရိသတ်တွေက နည်းပြဆစ်စီကို ဝေဖန်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။
ဆစ်စီဟာ ကစားသမားဘဝတုန်းက ဆီနီဂေါအသင်းကို အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ရသူဖြစ်သလို နည်းပြဘဝမှာလည်း အသင်းနဲ့အတူ (၂၀၂၁)အာဖရိကဖလားကို ဆွတ်ခူးပေးနိုင်ခဲ့သူတစ်ယောက်လည်း ဖြစ်ပါတယ်။