အနာဂတ်နဲ့ပတ်သက်ပြီး ဒေါ့မွန်အသင်းနဲ့ ဆွေးနွေးပြီးနောက်မှာတော့ နည်းပြတာဇစ်ဟာ အခုအချိန်မှာအသင်းနဲ့ စာချုပ်ဖျက်သိမ်းလိုက်ပြီဖြစ်ပြီး အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ ဇွန်လ(၁၃)ရက်နေ့က တရားဝင် ကြေညာခဲ့ပါတယ်။
အသင်းမှာ(၁၄)နှစ်ကြာ လုပ်ကိုင်ခဲ့တဲ့ နည်းပြတာဇစ်ဟာ ဒေါ့မွန်အသင်းကို ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်ဖိုင်နယ်ကို ပို့ဆောင်ပေးခဲ့တဲ့ နည်းပြတစ်ယောက်လည်း ဖြစ်ပါတယ်။
ဒေါ့မွန်အသင်းမှာ (၁၄)နှစ်ကြာ လုပ်ကိုင်ခဲ့တာကြောင့် အသင်းကထွက်ခွာဖို့ ဆုံးဖြတ်ရတာက မလွယ်ကူပေမယ့် လမ်းခွဲဖို့သင့်ပြီလို့ ထင်မိတဲ့ အတွက် အခုလို ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ နည်းပြတာဇစ်က ပြောပါတယ်။
အသင်းမှာရှိနေခဲ့တဲ့အချိန်အတွင်း ကူညီပေးခဲ့ကြတဲ့ လူတိုင်းကိုလည်း ကျေးဇူးတင်မိတယ်လို့ နည်းပြတာဇစ်က နှုတ်ဆက်သွားခဲ့ပါတယ်။ နည်းပြ တာဇစ်ဟာ ဒေါ့မွန်အသင်းမှာ လက်ထောက်နည်းပြအဖြစ်ရော နည်းပြအဖြစ်နဲ့ပါ လုပ်ဆောင်ပေးခဲ့သူဖြစ်သလို (၂၀၂၀-၂၀၂၁)ဘောလုံးရာသီမှာလည်း ဒေါ့မွန်အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ကာ ဂျာမန်ပိုကယ် ဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့သူလည်း ဖြစ်ပါတယ်။