လီဗာပူးတောင်ပံကစားသမားသစ် ချီယေဆာကို အီတလီလက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ဖို့အတွက် စဉ်းစားနေတယ်လို့ အီတလီလက်ရွေးစင်အသင်းနည်းပြ စပယ်လက်တီက အတည်ပြုသွားခဲ့ပါတယ်။
အီတလီ အသင်းဟာ လာမယ့် အောက်တိုဘာလအတွင်း နေးရှင်းလိဂ်ပွဲစဉ်တွေကို ကစားရဖို့ရှိနေပြီး လက်ရွေးစင်အသင်း ရွေးချယ်မှုမှာ ချီယေဆာကို ထည့်သွင်းစဉ်းစားသွားမယ်လို့ စပယ်လက်တီက ပြောသွားခဲ့တာပါ။
အသက် ၂၆ နှစ် အရွယ် ချီယေဆာဟာ ပြီးခဲ့တဲ့ ဩဂုတ်လက ဂျူဗင်တပ်အသင်းကနေ လီဗာပူးအသင်းကို ကာလရှည်စာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အခုရာသီ ပရီးမီးယားလိဂ်မှာ လီဗာပူးအသင်းအတွက် ၁၈ မိနစ်သာ ပါဝင်ကစားခွင့် ရထားသေးတာဖြစ်ပါတယ်။
ချီယေဆာအနေနဲ့ လီဗာပူးအသင်းမှာ အထိုင်ကျဖို့ကို ကြိုးစားနေရဆဲဖြစ်ပြီး ပုံမှန် ကစားခွင့် မရပေမယ့်လည်း အီတလီအသင်းနည်းပြ စပယ်လက်တီကတော့ လက်ရွေးစင်လူစာရင်းမှာ ချီယေဆာ ကို ပြန်လည်ရွေးချယ်ဖို့ စဉ်းစားနေတာပါ။
၂၀၁၈ မတ်လမှာ အီတလီလက်ရွေးစင်အဖြစ် ပထမဆုံးအကြိမ် ခေါ် ယူတာခံခဲ့ရတဲ့ ချီယေဆာဟာ လက်ရွေးစင်အသင်းအတွက် ၅၁ ပွဲကစားပြီး ၇ ဂိုးသွင်းယူပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
နာပိုလီအသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ တောင်ပံတိုက်စစ်မှူး ပိုလီတာနိုအတွက်လည်း လက်ရွေးစင်ဖြစ်ခွင့် မျှော်လင့်ချက်က ရှိနေဆဲပဲဖြစ်တယ်လို့ စပယ်လက်တီက ပြောထားပါတယ်။