စပိန်ကလပ် ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကဂိုးသမား ကော်တိုရစ်ဟာ အက်သလက်တီကိုအသင်းနဲ့ ကစားခဲ့တဲ့ ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိတယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။
ကော်တိုရစ်ဟာ အက်သလက်တီကိုအသင်းနဲ့ပွဲစဉ်မှာ ပွဲချိန်ပြည့် ကစားပေးခဲ့ပေမယ့် ပွဲချိန်အတွင်းမှာ တင်ပါးဒဏ်ရာရခဲ့တယ်လို့ သတင်းတွေက ဖော်ပြလာခဲ့ကြတာပါ။
ကော်တိုရစ်ဟာ ဒဏ်ရာကြောင့် အနားယူရတော့မှာဖြစ်တဲ့အတွက် လိုင်လီအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို အရန်ဂိုးသမား လူနင်က ကစားသွားဖွယ်ရှိတယ်လို့လည်း သတင်းတွေက ဆက်လက်ဖော်ပြခဲ့ကြပါတယ်။
ရီးရဲလ်မက်ဒရစ် အသင်းရဲ့လူစာရင်းမှာ ကော်တိုရစ် လွဲချော်ဖွယ်ရှိနေပေမယ့် ဒဏ်ရာကြောင့် အနားယူနေရတဲ့ တိုက်စစ်မှူး အမ်ဘာပေကတော့ ပြန်လည်ပါဝင်လာဖွယ်ရှိတယ်လို့ သိရပါတယ်။
ကော်တိုရစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ဒဏ်ရာပြဿနာတွေကြောင့် ရီးရဲလ်မက်ဒရစ်အသင်းအတွက် ပြိုင်ပွဲစုံ(၁၀)ပွဲကိုသာ ပွဲထွက် ကစားခွင့်ရခဲ့သူလည်း ဖြစ်ပါတယ်။