စက်တင်ဘာလ(၂၉)ရက်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်ယူအသင်းက စပါးအသင်းကို (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ မန်ယူအသင်းဟာ စပါးအသင်းကို ပွဲအစ(၃)မိနစ်မှာတင် ဦးဆောင်ဂိုးပေးခဲ့ရသလို အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ကလည်း အနီကတ်ပြထုတ်ပယ်ခံခဲ့ရတာပါ။
အိမ်ကွင်းမှာ ကစားခဲ့ရတာကြောင့် မန်ယူအသင်းအနေနဲ့ အဓိက ကစားသမားတွေကို ပွဲထွက်စာရင်းမှာ အသုံးပြုလာတာဖြစ်ပြီး စပါးအသင်းမှာတော့ ဒဏ်ရာကြောင့် အသင်းခေါင်းဆောင် ဆွန်ဟောင်မင် မပါတာကို တွေ့ခဲ့ရပါတယ်။
စပါးအသင်းအတွက် ဂိုးတွေကိုတော့ ပွဲအစ(၃)မိနစ်မှာ ဂျွန်ဆင်၊ (၄၇)မိနစ်မှာ ကလူဆက်စကီးနဲ့ (၇၇)မိနစ်မှာ ဆိုလန်ကီတို့က သွင်းယူပေးခဲ့ကြတာဖြစ်ပါတယ်။
မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ပွဲချိန်(၄၂)မိနစ်မှာ တိုက်ရိုက် အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရတာကြောင့် လာမယ့်ပွဲစဉ်တွေကိုလည်း လွဲချော်ရတော့မှာ ဖြစ်ပါတယ်။
အခုပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ စပါးအသင်းက ပရီးမီးယားလိဂ်(၆)ပွဲကစားပြီးချိန်မှာ ရမှတ်(၁၀)မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်(၈) နေရာမှာ ရပ်တည်နေသလို မန်ယူအသင်းက ရှုံးနိမ့်ခဲ့တာကြောင့် ရမှတ်(၇)မှတ်နဲ့ အဆင့်(၁၂)နေရာမှာ ရပ်တည် နေပါတယ်။