ဂျီနိုအာအသင်းနဲ့ ဆွေးနွေးနေတယ်လို့ သတင်းတွေထွက်ခဲ့တဲ့ ဘော့စနီးယားကွင်းလယ်လူ ပီဂျာနစ်ဟာ ရုရှား ကလပ် CSKA အသင်းနဲ့ သဘောတူမှုရခဲ့ပြီးနောက် အသင်းသစ်နဲ့ မိတ်ဆက်မှုပြုလုပ်သွားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကမှ အသက် ၃၄ နှစ်ပြည့်ခဲ့တဲ့ ပီဂျာနစ်ဟာ ယူအေအီးကလပ် ဆာရက်ချ် အက်ဖ်စီနဲ့ စာချုပ်ပြည့်ခဲ့ပြီး နောက် ကလပ်အသင်းလက်မဲ့ ဖြစ်နေခဲ့တာပါ။
ဂျီနိုအာအသင်းက ဒဏ်ရာကြောင့် ရာသီကုန်အထိ နားရမယ့် မာလီနော့ဗ်စကီးရဲ့နေရာအတွက် ပီဂျာနစ်ကို ခေါ်ယူဖို့ ဆွေးနေခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ပီဂျာနစ်ဟာ CSKA ကစားသမားအဖြစ်နဲ့ တရားဝင်မိတ်ဆက်သွားခဲ့သလို ဂျီနိုအာအသင်းရဲ့ မျှော်လင့်ချက်တွေ လည်း ပျက်စီးသွားခဲ့ရပါတယ်။
ပီဂျာနစ်ဟာ ဂျူဗင်တပ်၊ ရိုးမားအသင်းတွေနဲ့အတူ စီးရီးအေ ၂၈၁ ပွဲအထိ ကစားပေးထားခဲ့ဖူးသလို စီးရီးအေချန်ပီယံဆု ၄ ကြိမ်အပါအဝင် အောင်မြင်မှုတွေရရှိထားခဲ့သူဖြစ်ပါတယ်။
ဒါ့အပြင် ပီဂျာနစ်ဟာ ကစားသမားအဖြစ် မက်ဇ်၊ လိုင်ယွန်၊ ရိုးမား၊ ဂျူဗင်တပ်၊ ဘာစီလိုနာနဲ့ ဘီဆစ်တပ် အသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဝါရင့်ကစားသမားလည်း ဖြစ်ပါတယ်။