အမေရိကန်ကျွမ်းဘားမယ် ဆိုင်မွန်ဘိုင်းစ်ဟာ ပဲရစ်အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း All Round ပွဲစဉ်မှာ အနိုင်ရခဲ့ပြီးနောက် ကစားသမားဘဝ ၆ ခုမြောက် အိုလံပစ်ရွှေတံဆိပ်ဆုကို ရယူနိုင်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ တိုကျို အိုလံပစ်ပြိုင်ပွဲရဲ့ အမျိုးသမီးတစ်ဦးချင်း All Round ဗိုလ်လုပွဲမတိုင်ခင်မှာ ကျန်းမာရေးအကြောင်းပြချက်နဲ့ ပြိုင်ပွဲကနုတ်ထွက်ခဲ့သလို ကစားသမားဘဝကနေ ၃ နှစ်နီးပါး အနားယူခဲ့တဲ့ ဆိုင်မွန်ဘိုင်းစ်ဟာ အခုအိုလံပစ် မတိုင်ခင်ကမှ ကျွမ်းဘား ပြန်ကစားဖို့ကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
ဗိုလ်လုပွဲမှာ ပြိုင်ပွဲဝင် ၈ ဦးယှဉ်ပြိုင်ခဲ့ကြပေမယ့် ဆိုင်မွန်ဘိုင်းစ်နဲ့ ဘရာဇီးကျွမ်းဘားမယ် အန်ဒရာဒီတို့သာ ရွှေတံဆိပ်အတွက် အကြိတ်အနယ်ရှိခဲ့တာ ဖြစ်ပါတယ်။
ပွဲစဉ်နှစ်ခုယှဉ်ပြိုင်အပြီးမှာ ဆိုင်မွန်ဘိုင်းစ်က တတိယနေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမဲ့ နောက်ထပ် ယှဉ်ပြိုင်တဲ့ ပြိုင်ပွဲအမျိုးအစားတွေမှာတော့ ဆိုင်မွန်ဘိုင်းစ်က အကောင်းဆုံးစွမ်းရည်ကို ပြသသွားနိုင်ခဲ့တာ ဖြစ်ပါတယ်။
All Round ပွဲစဉ်တွေအားလုံး ယှဉ်ပြိုင်အပြီးမှာတော့ ဆိုင်မွန်ဘိုင်းစ်က ရမှတ် ၅၉ ဒသမ ၁၃၁ မှတ်နဲ့ ပထမ ရွှေတံဆိပ်ဆုရခဲ့ပြီး ဘရာဇီးကျွမ်းဘားမယ် အန်ဒရာဒီက ၁ ဒသမ ၁၉၉ မှတ်အကွာနဲ့ ဒုတိယ ငွေတံဆိပ် ဆုရခဲ့ပါတယ်။
ပြီးခဲ့တဲ့ တိုကျိုအိုလံပစ်မှာ ရွှေဆုရခဲ့တဲ့ အမေရိကန်ကျွမ်းဘားမယ် ဆူနီဆာလီက အခုနှစ်ပြိုင်ပွဲ မှာတော့ တတိယကြေးတံဆိပ်သာ ရရှိခဲ့တာဖြစ်ပါတယ်။