ပြင်သစ်ဘောလုံးအဖွဲ့ချုပ်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ပြည့်မယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ ပြင်သစ်နည်းပြ အဖြစ်ကနေ ဒက်ချမ့်စ် ထွက်ခွာဖွယ်ရှိတယ်လို့ သတင်းတွေက ဖော်ပြလာကြပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလားကို ပြင်သစ်အသင်းအတွက် ရယူပေးနိုင်ခဲ့တဲ့ နည်းပြဒက်ချမ့်စ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲကို ပြင်သစ်အသင်း အောင်မြင်ခဲ့ရင် ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှ ထွက်ခွာမှာဖြစ်ပြီး တကယ်လို့ ခြေစစ်ပွဲမအောင်ခဲ့ဘူးဆိုရင်တော့ ခြေစစ်ပွဲတွေအပြီးမှာပဲ ထွက်ခွာဖွယ်ရှိနေတာဖြစ်ပါတယ်။ အသက် ၅၆ နှစ်အရွယ် ဒက်ချမ့်စ်ဟာ ၂၀၁၂ ဇူလိုင်မှာ ပြင်သစ်လက်ရွေးစင်အသင်းနည်းပြအဖြစ် စတင်တာဝန်ယူခဲ့တာပါ။ သူ့လက်ထက်မှာ ပြင်သစ်အသင်းဟာ ကမ္ဘာ့ဖလား ချန်ပီယံဆုနဲ့ UEFA နေးရှင်းလိဂ် ချန်ပီယံဆုတွေကို တစ်ကြိမ်စီရခဲ့ပြီး ယူရို ၂၀၁၆ နဲ့ ၂၀၂၂ ကမ္ဘာ့ ဖလား ပြိုင်ပွဲတွေမှာလည်း ဒုတိယနေရာတွေမှာ ရပ်တည်နိုင်ခဲ့ပါတယ်။

ကမ္ဘာ့ဖလားကို ကစားသမားအဖြစ်နဲ့ရော နည်းပြဘဝနဲ့ပါ ရယူနိုင်တဲ့ တတိယမြောက် ကစားသမားဖြစ်ခဲ့တဲ့ ဒက်ချမ့်စ်ဟာ သူ့လက်ထက်မှာ ပြင်သစ် အသင်းဟာ နိုင်ပွဲရ ရာခိုင်နှုန်း ၆၄ ဒသမ ၂ ရာခိုင်နှုန်းအထိ ရှိခဲ့တာဖြစ်ပါတယ်။ ဒက်ချမ့်စ်ထွက်ခွာသွားဖြစ်ခဲ့ရင် သူ့နေရာမှာ အစားထိုးဝင်ရောက် လာဖို့အတွက် ပြင်သစ်လက်ရွေးစင်ဟောင်း ဇီဒန်းက ထိပ်ဆုံးကနေ ရေပန်းစားနေပါတယ်။