လက်ကောက်ဝတ်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့တဲ့ အမေရိကန်ဂေါ့ဖ်သမား ဂျော်ဒန်စပိဒ်ဟာ လာမယ့် ၂၀၂၅ ကို အကောင်းဆုံးစတင်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။ အသက် ၃၁ နှစ်အရွယ် စပိဒ် ဟာ လက်ကောက်ဝတ်ဒဏ်ရာကို ၂၀၂၃ ခုနှစ်မှာ ခံစားခဲ့ရပြီးနောက် အခုနှစ် ဩဂုတ်လမှာ ဒဏ်ရာကို ခွဲစိတ်ကုသမှု ခံယူလိုက်ရတာ ဖြစ်ပါတယ်။

အနားယူနေခဲ့တဲ့ စပိဒ်ဟာ အခုတစ်ပတ်ထဲ ဒဲလက်စ်မှာပြုလုပ်တဲ့ ရန်ပုံငွေပွဲမှာ တော့ ပရိသတ်တွေရှေ့ကို ပြန်ရောက်ရှိလာခဲ့တာဖြစ်ပြီး ၂၀၂၅ ခုနှစ်နဲ့ပတ်သက်လို့ သူ့ရဲ့မျှော်လင့်ချက်တွေကို ပြောသွားခဲ့တာပါ။

မေဂျာဆုဖလား ၃ ကြိမ်နဲ့ ပီဂျီအေတိုးချန်ပီယံဆုကို ၁၃ ကြိမ်ရရှိထားတဲ့ စပိဒ်ဟာ ၂၀၂၂ ခုနှစ်၊ ဧပြီလက RBC ပြိုင်ပွဲမှာ အနိုင်ရပြီးနောက်ပိုင်း ပီဂျီအေတိုးနိုင်ပွဲတွေနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။

အခုနှစ်မှာ ဒဏ်ရာကြောင့် နားနေခဲ့ရတဲ့ စပိဒ်အနေနဲ့ ၂၀၂၅ နှစ်အစ ပြိုင်ပွဲဖြစ်တဲ့ ဆန်ထရီ ပြိုင်ပွဲကို ဝင်ပြိုင်ခွင့် မရခဲ့ပေမယ့် ဇန်နဝါရီ ၉ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ကျင်းပမယ့် ဆိုနီ အိုးပင်းပြိုင်ပွဲကိုတော့ ဝင်ရောက်ယှဉ်ပြိုင်ခွင့် ရမှာလည်း ဖြစ်ပါတယ်။
၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့ကစပြီး ပြိုင်ပွဲတွေကို ဝင်ပြိုင်ဖို့အတွက် အဆင်သင့် ဖြစ်နေမယ်ဆိုတာ ယုံကြည်တယ်လို့လည်း စပိဒ်က ပြောသွားခဲ့ပါတယ်။