အသင်းရဲ့ ဦးစားပေးဂိုးသမား နူအာဟာ နံရိုးကျိုး ဒဏ်ရာကြောင့် ၂၀၂၄ နှစ်ကုန်အထိ အနားယူရတော့မှာ ဖြစ်တယ်လို့ ဘိုင်ယန်မြူးနစ် အသင်းနည်းပြ ကွန်ပနီက ဒီဇင်ဘာ ၉ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။

နူအာဟာ စနေနေ့ ညက ကစားခဲ့တဲ့ ဟိုင်ဒန်ဟိမ်းအသင်းနဲ့ ဘွန်ဒက်စ်လီဂါပွဲကို လွဲချော်ခဲ့ရပြီးနောက် ဆေးစစ်ချက်တွေအရ အသင်းရဲ့ ဒဏ်ရာစာရင်းမှာ ပါဝင်လာခဲ့တာပါ။ အသက် ၃၈ နှစ်အရွယ် နူအာဟာ ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ ဂျာမန်ပိုကယ်ဖလားပွဲမှာ ကစားသမားဘဝ ပထမဆုံး အနီကတ်ကို ပြသခံခဲ့ရသလို အခုလည်း ဒဏ်ရာပြဿနာနဲ့ ရင်ဆိုင်ခဲ့ရတာ ဖြစ်ပါတယ်။

နံရိုးဒဏ်ရာရနေတဲ့ နူအာရဲ့ အခြေအနေက အခုနှစ်ကုန်ပိုင်းအထိ အနားယူရဖို့ ရှိနေ ပါတယ်လို့ ဘိုင်ယန်နည်းပြ ကွန်ပနီက သတင်းစာရှင်းလင်းပွဲမှာ ပြောသွားခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန် ဘိုင်ယန်အသင်းရဲ့ ဒဏ်ရာရစာရင်းမှာ တိုက်စစ်မှူး ဟယ်ရီကိန်း၊ ကွင်းလယ်လူတွေဖြစ်ကြတဲ့ ပယ်ဟင်ဟာနဲ့ ဂနာဘရီတို့အပြင် ခံစစ်ကစားသမား ဒေးဗီးစ်တို့ ရှိနေတာဖြစ်ပါတယ်။

ကစားသမားအများစု ဒဏ်ရာရနေတာက အသင်းကို စီမံခန့်ခွဲရာမှာ အကန့်အသတ်ဖြစ်စေနိုင်ပေမယ့် ဒီအခြေအနေကို အကောင်းဆုံး ကိုင်တွယ်သွားနိုင်ဖို့ မျှော်လင့်ထားတယ်လို့လည်း ကွန်ပနီက ပြောသွားပါတယ်။